ထွက်ပြေးသည့်ယာဉ်နှင့်အတူ ခိုးယူထားသည့် ဘုရားဆင်းတုတော် ၃ ဆူ ပါတွေ့ရှိ

ထွက်ပြေးသည့်ယာဉ်နှင့်အတူ ခိုးယူထားသည့် ဘုရားဆင်းတုတော် ၃ ဆူ ပါတွေ့ရှိ
ဓာတ်​ပုံ- မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။           ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာရှိ ရွှေသံလွင်တိုးဂိတ်တွင် ရပ်တန့်စစ်ဆေးစဉ် ယာဉ်တစ်စီးမှာ မောင်းနှင်ထွက်ပြေးသွားပြီး လိုက်လံဖမ်းဆီးရာမှ ယာဉ်နှင့် ခိုးယူမြှုပ်နှံထားသော ဘုရားဆင်းတုတော် ၃ ဆူကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အမှုဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် ၃ နာရီ၊ ၄၅ မိနစ်ခန့်တွင် ရွှေသံလွင်တိုးဂိတ်တွင် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့စစ်ဆေးနေစဉ် မစ်ဆူဘီရှီယာဉ်တစ်စီးမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ပြီး ဝင်းပြန့်ကျေးရွာအနီး တလမွန်စားသောက်ဆိုင်တွင် အဆိုပါယာဉ်အား ရပ်ထား သည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဆိုင်အတွင်းမှ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာရပ်နေ ယာဉ်မောင်းဖြစ်သူ ကျော်သူရနှင့် ၎င်း၏ မယားညီအစ်ကိုဖြစ်သူ တစ်ရပ်တည်းနေ သန်းဝင်းထွဋ်(ခ)ဖိုးသားတို့ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့နှင့် အတူ လိုက်ပါလာသော အောင်ကိုကို(စိစစ်ဆဲ)မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရသည်။

၎င်းတို့ စီးလာသော ယာဉ်အားစစ်ဆေးရာတွင် ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားမပြနိုင်သဖြင့် ကျော်သူရပါ(၃)ဦးအား ဘီးလင်းမြို့မရဲစခန်းတွင် (ပ)၄၁ဝ/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၈ဝ(ကား)/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

၎င်းတို့၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ သန်းခေါင်းကျော်ချိန်က ကျော်သူရနှင့် သန်းဝင်းထွဋ်(ခ) ဖိုးသားတို့ ၂ ဦးသည် အောင်ကိုကို၊ မောင်ဇော်(စိစစ်ဆဲ)တို့နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ်(၅၃) "ရွှေတဖန်း" စားသောက်ဆိုင်အနီး အမည်မသိ ဘုန်းကြီးကျောင်းမှ စကျင်ကျောက်ဖြင့် ထုလုပ်ပြီး ရွှေရောင်သုတ်ထားသော ထိုင်တော်မူဗုဒ္ဓဆင်းတုတော် ၃ ဆူကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့နောက် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ ရာဘာခြံဘေးရှိ အမှိုက်ပုံအနီး၌ မြှုပ်နှံခဲ့ကြောင်းသိရှိရသဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်တူးဖော်ခဲ့ရာ အဆိုပါအမှိုက်ပုံအနီးမှ ဉာဏ်တော် ၂ ပေ ၆ လက်မ၊ အောက်ခြေဗျက် ၁ ပေ ၆ လက်မရှိ ရုပ်ပွားတော် ၂ ဆူ၊ ဉာဏ်တော် ၁ ပေ ၉ လက်မ၊ အောက်ခြေ ဗျက် ၁ ပေရှိ ရုပ်ပွားတော် ၁ ဆူ၊ ပေါင်း ၃ ဆူအား တူးဖော်သိမ်းဆည်းရမိခဲ့သဖြင့် ထပ်မံအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly