The Strand ဟိုတယ်တွင် မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်

The Strand ဟိုတယ်တွင် မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ။           ။ နှစ်ပေါင်း တစ်ရာကျော်သက်တမ်းရှိ ရန်ကုန်မြို့၊ကမ်းနားလမ်းပေါ်ရှိ The Strand ဟိုတယ်အဆောက်အအုံကို ဖေဖော်ဝါရီ ၇ ရက်နေ့က မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့သည်။

 ရန်ကုန်မြို့ပြအမွေအနှစ် အဖြစ်တပ်ဆင်သော ၂၇ ခုမြောက် အပြာရောင်ကမ္ဗည်းပြား ဖြစ်ပြီး ယခု The Strand ဟိုတယ်အဖြစ် အသုံးပြုနေသော ယင်းအဆောက်အအုံသည် ၁၉၀၁  ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ 

“ ဒီနေရာမှာ မြို့ပြအမွေအနှစ်တွေနဲ့ပတ်သက်ရင် အပိုင်း ၂ ပိုင်း ရှိပါတယ်။ ရှေးဟောင်းမွေအနှစ်တွေရှိသလို မြို့ပြအမွေအနှစ်တွေ ရှိပါတယ်။ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတကာက အသိအမှတ် ပြုနိုင်တဲ့၊ နေချင့်စဖွယ် စီးပွားရေးမြို့တော်ကြီး ဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဆိုပါ ကမ္ဗည်းပြားတပ်ဆင်ပွဲတွင် ပြောဆိုသည်။

 ယင်းအပြာရောင် ကမ္ဗည်းပြားသည် လူအများနှင့်သက်ဆိုင်သောနေရာများ၊ အဆောက်အဦများနှင့် ဆက်စပ် သည့် သမိုင်းဝင်လူပုဂ္ဂိုလ်များနှင့် သမိုင်းဝင် အဖြစ်အပျက်များအကြောင်းကို ဖော်ပြရန် မြို့၏ အမှတ်အသားအဖြစ် တပ်ဆင်သည့် ကမ္ဗည်းပြားလည်းဖြစ်သည်။

 “ အဆင်သင့် လုပ်ထားတာတွေ ရှိပါတယ်။ တန်းစီနေတာပေါ့။ နောက်တစ်ခုဆိုရင်တော့ ဗြိတိသျှသံရုံး အဆောက်အအုံ ဖြစ်ပါလိမ့်မယ်။ နောင်လည်း ကျွန်မတို့တခြားသော အဆောက်အအုံတွေရော ရှိပါသေးတယ်။ ဒီလိုပဲ တစ်ခုပြီး တစ်ခုလုပ်သွားမှာပေါ့” ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ခံ ဒေါ်မိုးမိုးလွင်က ပြောသည်။

 ယင်းအဆောက်အအုံ (The Strand ဟိုတယ်) သည် ရန်ကုန်မြို့၏ သမိုင်းကို ဖော်ပြနိုင်မည့်နည်းလမ်းဖြစ်သည့်အပြင် ရန်ကုန်မြို့၏ သမိုင်းကြောင်းကို အများပြည်သူက တိုက်ရိုက်ထိတွေ့လေ့လာနိုင်ရန် အပြာရောင် ကမ္ပည်းပြားများ တပ်ဆင်ရခြင်း ဖြစ်သည်ဟုလည်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

 ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲကို ၂၀၁၂ တွင် တည်ထောင်ခဲ့ပြီး  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းကာ ရန်ကုန်မြို့ရှိ အထင်ကရ နေရာများတွင်ကမ္ဗည်းပြားများ တပ်ဆင်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required