မြန်မာကျောင်းများတွင် သင်ကြားရန် အမေရိကန် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ ရောက်ရှိလာ

မြန်မာကျောင်းများတွင် သင်ကြားရန် အမေရိကန် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ ရောက်ရှိလာ
ပဲခူးတိုင်းအတွင်း ပညာသင်ကြားပေးနေသော စေတနာ့ဝန်ထမ်း ဆရာမ တက်ဆာ (Tessa) အား တွေ့ရစဉ်။ ဓာတ်ပုံ-Peace Corps Myanmar

ဖေဖော်ဝါရီ ၇ ။           ။ မြန်မာဆရာ၊ ဆရာများနှင့် တွဲဖက်သင်ကြားမည့် အမေရိကန် စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာသင်ကြားပေးမည့် ဆရာ၊ ဆရာမများ ဇန်နဝါရီ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်အဖြစ် ထပ်မံ ရောက်ရှိလာ သည်။ 

“ သူတို့တွေ မြန်မာပြည်ကို ရောက်နေပါပြီ။ အသစ်စက်စက်ရောက်ရှိလာတဲ့ အမေရိကန်ပိစ်ကော စေတနာ့ ဝန်ထမ်း အင်္ဂလိပ်စာသင်ကြားပေးမဲ့ ဆရာ/မ များကို ကျွနု်ပ်တို့နဲ့အတူ ကြိုဆိုလိုက်ပါဦး” ဟု ပိစ်ကောမြန်မာ (Peace Corps  Myanmar ) မှ ဇန်နဝါရီလ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် အင်္ဂလိပ်စာ သင်ကြားပေးရန် အတွက် ဖြစ်ပြီး စေတနာ့ဝန်ထမ်းအရေအတွက် အတိအကျကိုမူ မသိရသေးပေ။ 

လက်ရှိတွင် အဆိုပါ ဆရာ၊ ဆရာများကို လုပ်ငန်းခွင်အကြို လေးလတာ သင်တန်းကို ပို့ချပေးနေကြောင်း သိရပြီး တာဝန်မထမ်းဆောင်မီ အချိန်အတွင်းတွင် မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများကို ကြိုတင်တက်ရောက်ရခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက အင်္ဂလိပ်ဘာသာစကားသင်ကြားပေးရန်အတွက် အမေရိကန် Peace Corps အဖွဲ့မှ ပထမအသုတ်အနေဖြင့် စေတနာ့ဝန်ထမ်း ၆ ဦးဖြင့် လာရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လတွင် ဒုတိယအကြိမ်အဖြစ် ၁၆ ဦး လာရောက်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမေရိကန်စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ လာရောက်ခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာနနှင့် အမေရိကန် Peace Corps အဖွဲ့တို့ ပူးပေါင်း၍ ပညာရည်အဆင့်အတန်းမြှင့်တင်ရေး၊ ဆရာ၊ ဆရာမများ၏ စွမ်းရည် မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများကို အရည်အသွေးမီ အင်္ဂလိပ် ဘာသာစကား သင်ကြားပို့ချရေး လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required