ခရီးသည်နှစ်ဦးက အငှားယာဉ်မောင်းကို  ဓားဖြင့်ထိုးကာ ကားလုပြေး

ခရီးသည်နှစ်ဦးက အငှားယာဉ်မောင်းကို  ဓားဖြင့်ထိုးကာ ကားလုပြေး
ဓာတ်ပုံ- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။           ။ အမျိုးသားနှစ်ဦးက နေပြည်တော်တွင် ကျောက်ပန်းချီကားများတင်ရန်အတွက် ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ်  နန္ဒဝန်စျေးအနီးရှိ အငှားယာဉ်ဂိတ်မှ အငှားကားတစ်စီးအား ခေါ်ဆောင်သွားပြီးနောက် အမြန်လမ်း တွင် ယာဉ်မောင်းဖြစ်သူအား ဓားဖြင့်ထိုးထားခဲ့ကာ ကားအားလုယူမောင်းပြေးသွားကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခရီးသည်နှစ်ဦးက ဓားဖြင့် ထိုးသဖြင့် အငှားယာဉ်မောင်းဖြစ်သူ ဦးဝင်းဆွေဆိုသူမှာ ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့် အနေအထားရှိကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်၊ နံနက် ၂ နာရီခွဲအချိန်တွင်ဆေးရုံသို့ ပို့ဆောင် ထားကာ ကျူးလွန်သူနှစ်ဦးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားသည်။

“လူနာကိုတော့ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကို ပို့ထားပါတယ်။ တရားခံတွေ ဖမ်းမိရေးအတွက် စုံစမ်းဆောင်ရွက်နေကြပါတယ်။”ဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးတာဝန်ကျ ရဲအရာရှိတစ်ဦးမှ ပြောသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေ ၅ နာရီခန့်အချိန်တွင် အဆိုပါ ခရီးသည်နှစ်ဦးက အငှားယာဉ်အား ငှားသွားခဲ့ပြီးနောက် ည ၁ဝ နာရီခွဲခန့်အချိန်တွင် ဖြူးတွင် ထမင်းစားပြီး ဆက်လက်ထွက်ခွာရာ မိုင်တိုင် ၁၇၉/ ၁နှင့် ၁၇၉/၂. အကြား လမ်းဘေးတွင် ခေတ္တရပ်တန့်နား၍ အငှားယာဉ်မောင်းမှာ ခရီးသည်နှစ်ဦးနှင့် ဘီယာ အတူတူ ထိုင်သောက်ရင်းမှ ခရီးသည်နှစ်ဦးက ယာဉ်မောင်းကို ဓားဖြင့်ထိုးကာ ကားအားလုပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းဖြစ်သူ၏ ကနဦး ထွက်ဆိုချက်အရ ကားအားခေတ္တရပ်နားစဉ် စကားများရာမှဓားဖြင့်ထိုးပြီး လက်လွန်၍ ကားယူကာထွက်ပြေးသွားခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓားဖြင့်အထိုးခံရသည့်အချိန်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက် ၂ နာရီခန့်အချိန်ဖြစ်ပြီး ယာဉ်မောင်းအား ဓားဖြင့်ထိုး၍ ထားခဲ့သည်ကို ခရီးသည်ယာဉ်တစ်စီးမှ တွေ့ရှိခဲ့သဖြင့် ၎င်းတို့မှ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ သာဂရဲစခန်းသို့ အကြောင်းကြားရာခဲ့ရာမှ  ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required