AA ကို ထိုးစစ်ဆင်ဖို့ အစိုးရက အာဏာပေးခဲ့တာကို မယုံဟု ဆို

AA ကို ထိုးစစ်ဆင်ဖို့ အစိုးရက အာဏာပေးခဲ့တာကို မယုံဟု ဆို

ဖေဖေါ်ဝါရီ ၇ ရက် ။           ။ ရခိုင်အဖွဲ့ AA ကို ထိုးစစ်ဆင်ဖို့ အစိုးရက အာဏာပေးခဲ့ကြောင်း တပ်မတော်ဘက်က ပြောကြားထားမှုအပေါ် ယုံကြည်မှု မရှိကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

“ကျွန်တော်ကတော့ ကျွန်တော့် Personal အရဆိုရင်တော့ မယုံကြည်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက တပ်ကို အာဏာပေးလို့ရတယ်ဆိုတာက ကျွန်တော်တို့လေ့လာသလောက်ကို မတွေ့ခဲ့ရဘူး။ အဲ့ဒါကြောင့် ဒါဟာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်က သံသယဖြစ်တယ်လို့ ကျွန်တော်ပြောပြီးပါပြီ။ ဒါဟာ စဉ်းစားစရာဖြစ်တယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၇ ရက်နေ့က ရန်ကုန်မြို့ House of Orchid တွင် ပြုလုပ်ခဲ့သော ၂၁ ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်၏ သတင်းစာရှင်းလင်းတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း လေးခုကို ရခိုင်အဖွဲ့ (AA) က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သည့်ဖြစ်စဉ် နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၇ ရက်နေ့က သမ္မတအိမ်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက အစိုးရအနေဖြင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကို သောင်းကျန်းသူအဖွဲ့ဟု သတ်မှတ်ကာ နှိမ်နင်းရေးနှင့် စစ်ဆင်ရေးများ ထိရောက်စွာလုပ်ဆောင်ရန် တပ်မတော်ကို ညွှန်ကြား ထားသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖြစ်စဉ်တွင် အစိုးရက တပ်မတော်ကို အာဏာပေးနိုင်ခြင်း မရှိခဲ့ကြောင်း၊ ရခိုင့်တပ်မတော်ကို ထိုးစစ်ဆင်ရန်အတွက်တွင်မှသာ နိုင်ငံတော် အစိုးရ၊ သမ္မတတို့၏ ညွှန်ကြားမှုကြောင့်တိုက်ရသည်ဟု ပြောဆိုခြင်းသည် ပြည်သူတွေအတွက် ဝေဝါးမှုဖြစ်စေကြောင်း ဦးခိုင်ကောင်းစံက ဆိုသည်။

“တကယ်ပဲ အစိုးရဘက်က တပ်မတော်အပေါ်မှာ သြဇာ လွှမ်းမိုးမှုရှိနေပြီလားဆိုတာ စဉ်းစားစရာ တစ်ခုဖြစ်တယ်။ ဒါတကယ်လည်း အဲလိုသာပေးတယ်ဆိုရင်လည်း ပေးတဲ့သူတွေရဲ့ ဒီစီမံခန့်ခွဲမှု အားနည်းတယ်။ ညံ့ဖျင်းတယ်လို့ ပြောလို့ရတာပေါ့။ ဒါကျွန်တော့်ရဲ့ Personal အမြင်ပါ” ဟု ၎င်းက ဆိုသည်။

ဗမာတိုင်းရင်းသားနှင့် ရခိုင်တိုင်းရင်းသားတွေကြား အမုန်းတရားဖြစ်ပွားစေမည့် အရာတွေကို လူမှု စာမျက်နှာ များတွင် တွေ့နေရကြောင်း၊ ရခိုင့်တပ်မတော်ကို မထောက်ခံရန်ပြောဆိုမှုတွေရှိနေပြီး ထောက်ခံခြင်း၊ မထောက်ခံခြင်းသည် လူတစ်ဦးတစ်ယောက်ခြင်းစီ၏ အခွင့်အရေးဖြစ်သည်ဟု ဦးခိုင်ကောင်းစံက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly