သမီးဖြစ်သူကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သော ဖခင် ထွက်ပြေးလွတ်မြောက်နေ

သမီးဖြစ်သူကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သော ဖခင် ထွက်ပြေးလွတ်မြောက်နေ
 သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသော ဖခင်ဖြစ်သူကို တရားလိုလုပ်အမှုဖွင့်မည့်သူမရှိသဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညနေပိုင်းက ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်စဉ်။ ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။            ။ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ သင်ပေါင်းချောင်ကျေးရွာတွင် ဖခင်အရင်းမှ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ်မှ ဖခင်သည်လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင် နေပြီး ၎င်းအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ နယ်မြေပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း ဒေးဒရဲမြို့မရဲစခန်းမှ သိရသည်။

“ လက်ရှိတော့ ပိတ်ဆို့စုံစမ်းနေတယ်။ ရှောင်ပြေးသွားလို့လေ။ ကျွန်တော်တို့ဘက်ကတော့ အဲ့ဒီကိစ္စကို အားချင်းလိုက်နေတယ်”ဟု ဒေးဒရဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မဇ္စျိမသို့ ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အသက် ၁၄ နှစ်အရွယ် မိန်းကလေးမှာ အလုပ် လုပ်ကိုင်ရန်အတွက် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ တနိုင်တပိုင်ရောင်းချနေသည့် မုန့်ဟင်းခါးဆိုင်သို့ ရောက်ရှိ လာပြီးနောက် တစ်လလျှင် ကျပ် ၄ သောင်းဖြင့် အလုပ်လုပ်ကိုင်ခဲ့သည်။

ထိုသို့ လုပ်ကိုင်ခဲ့ပြီးနောက် ရက်ကြာလာသည့်အခါ သူ့အား ဖခင်အရင်းဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ သည့်အကြောင်း ဆိုင်ရှင်အမျိုးသမီးအား ရင်ဖွင့်ပြောပြခဲ့ပြီးနောက် နောက်ပိုင်းတွင် မဇ္စျိမသတင်းဌာနနှင့် ချိတ်ဆက်မိကာ မိန်းကလေးငယ်နှင့် ဆိုင်ရှင်တို့က အင်တာဗျူးဖြေဆိုခဲ့ကြသည်။

အဆိုပါ အင်တာဗျူးဗွီဒီယိုဖိုင်အား မဇ္စျိမက တင်ပြခဲ့ပြီးနောက် အဆိုပါကျေးရွာသို့ စုံစမ်းမှုများပြုလုပ်နေစဉ် မိန်း ကလေးငယ်အား သင်ပေါင်းချောင်ကျေးရွာမှ ပြန်လာခေါ်သွားသဖြင့် မဇ္စျိမသတင်းဌာနမှ သက်ဆိုင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ကာ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မြေပြင်ကွင်းဆင်းစုံစမ်း မှုများပြုလုပ် ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်၏ အသိပေးအကြောင်းကြားမှုကြောင့် ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် မိန်းကလေးငယ်၏ ဖခင်ဖြစ်သူအား ရဲစခန်းတွင် ခေါ်ယူထိန်းသိမ်းခဲ့သော်လည်း ညနေပိုင်း ၆ နာရီခန့်အထိ တရားလိုလုပ်အမှုဖွင့်ပေးမည့်သူမရှိသဖြင့် ပြန်လွှတ်ပေးလိုက်သည်။

ကျေးရွာအတွင်း နေထိုင်သူများရဲ့ပြောပြချက်အရ မိန်းကလေးငယ်၏ ဖခင်မှာ မျိုးရိုးစဉ်ဆက် စိတ်ကျန်းမာ ရေးချို့တဲ့( ရပ်ကွက်အပြော ကျပ်မပြည့်)သည့်ဝေဒနာခံစားနေသူဖြစ်ပြီး မိန်းကလေးငယ်မှာ အသက် ၁၃ နှစ်အရွယ်၊ ညီမဖြစ်သူ၊ အသက် ၈ နှစ်ခန့် မောင်ဖြစ်သူ၊ ဖခင်ဖြစ်သူတို့နှင့်အတူ ရွာ၏ အပြင်ဘက် ချောင်းစပ် လယ်ကွင်းနားတွင် တဲအိမ်ငယ်ဖြင့် နေထိုင်သူဖြစ်ကြောင်း သိရသည်။

မိန်းကလေးငယ်က သူ့အား ဖခင်ဖြစ်သူမှ အဓမ္မပြုကျင့်ခဲ့သည့်အကြောင်းကို ၃ ကြိမ်တိတိ မဇ္စျိမသို့ ခိုင်ခိုင်မာမာ ပြောဆိုခဲ့သော်လည်း ယင်းကိစ္စအား မမြင်၊ မကြားသဖြင့်  မိန်းကလေးငယ်၏ ပြောဆိုချက်တစ်ခုတည်းဖြင့်သာ တရာလိုလုပ်အမှုမဖွင့်နိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မိန်းကလေးငယ်၏ ဦးလေးနှင့် အဆိုပါ ကျေးရွာတွင်နေထိုင်သည့် အမျိုးသမီးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ပြောဆိုခဲ့ကြသည်။

သို့သော် ဖေဖော်ဝါရီလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် အမျိုးသမီးအဖွဲ့နှင့် ဒေးဒရဲမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၏ ကူညီပေးမှုဖြင့် ကာယကံရှင်မိန်းကလေးငယ်ကိုယ်တိုင် တရားလိုလုပ် အမှုဖွင့်တိုင်ကြားခဲ့သည်။

ထို့နောက် မိန်းကလေးငယ်အား မှုခင်းဆေးစာဖြင့် ဒေးဒရဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးရုံမှ လက်ခံ စစ်ဆေးခဲ့ပြီးနောက် ဒေးဒရဲမြို့မရဲစခန်းတွင် (ပ)၅၉/ ၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆/ ၅ဝ၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဖခင်ဖြစ်သူမှာ ဖေဖော်ဝါရီ ၄ ရက်နေ့နံနက် ၈ နာရီခန့်တွင် စုဆောင်းထားသည့် ငွေကြေးများကို ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းအထိ ထွက်ပြေးလွတ်မြောက်လျက်ရှိသည်။

“ လက်ရှိမှာတော့ ကလေးမလေးအပါအဝင် ကလေးငယ် ၃ ဦးကို ထွေအုပ်ကနေ စီမံပြီးတော့ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနက ခေါ်ယူစောင့်ရှောက်ထားပါပြီ”ဟု ဒေးဒရဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မဇ္စျိမသို့ ပြောသည်။

ယခုဖြစ်စဉ် နောက်ဆက်တွဲအခြေအနေအား  Mizzima သတင်းဌာနမှ ဆက်လက်စောင့်ကြည့် တင်ပြပေးသွား မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required