ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျနီဖာလောရင့်စ်နှင့် ကူကီမာရိုနီတို့ စေ့စပ်

ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျနီဖာလောရင့်စ်နှင့် ကူကီမာရိုနီတို့ စေ့စပ်

ဖေဖော်ဝါရီ ၇ ။              ။ များမကြာမီကပဲ အော်စကာဆုရှင် ဟောလိဝုဒ်မင်းသမီး ဂျနီဖာလောရင့်စ်ဟာ Gladstone အနုပညာပြခန်းရဲ့ ဒါရိုက်တာ ကူကီမာရိုနီနဲ့ စေ့စပ်လိုက်ပြီလို့ သိရပါတယ်။

အဆိုပါသတင်းကို ဂျနီဖာရဲ့ ပြောရေးဆိုခွင့်ရှိသူက လော့စ်အိန်ဂျလိစ်တိုင်းမ်စ် သတင်းဌာနကို ယမန်နေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ရုပ်ရှင်မင်းသမီး ဂျနီဖာလောရင့်စ်နဲ့ Gladstone အနုပညာပြခန်းရဲ့ ဒါရိုက်တာ ကူကီမာရိုနီ (အသက် ၃၃ နှစ်)တို့ဟာ ပြီးခဲ့တဲ့ ဇွန်လပိုင်း ၂၀၁၈ ခုနှစ်ကတည်းက တွဲခဲ့တယ်လို့ သတင်းထွက်နေခဲ့တာဖြစ်ပါတယ်။

ဂျနီဖာနဲ့ ကူကီမာရိုနီတို့ဟာ ၎င်းတို့ရဲ့ သူငယ်ချင်းတွေကနေတဆင့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ကူကီမာရိုနီနဲ့ မတွဲခင်မှာ ဂျနီဖာဟာ ရုပ်ရှင်ဒါရိုက်တာ ဒယ်ရန် အရိုနော့ဗ်စကီ၊ ရုပ်ရှင်မင်းသား နီကိုလပ်စ်ဟော့ဒ်၊ Coldplay ရော့ခ်အဆိုတော် ခရစ်စ်မာတင်တို့နဲ့ တွဲခဲ့ကြောင်း သိရှိရပါတယ်။

ဂျနီဖာလောရင့်စ်ဟာ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိတဲ့ Silver Linings Playbook ရုပ်ရှင်ကားရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အဖြစ် အော်စကာဆုရရှိခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ဂျနီဖာဟာ Joy၊ Winter’s Bone နဲ့ American Hustle ရုပ်ရှင်ကားတွေမှာလည်း အော်စကာဆုလျာထားခံခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း ရေပန်းစား ထင်ရှားကျော်ကြားခဲ့တဲ့ The Hunger Games ရုပ်ရှင်စီးရီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဂျနီဖာဟာ ကမ္ဘာ့ကြေးအမြင့်ဆုံးရုပ်ရှင်မင်းသမီးစာရင်းဝင် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly