နိုင်ငံခြားငွေကြေးစျေးနှုန်းများ အတက်အကျပြင်းထန်ချိန်တွင် ကျပ်ငွေအပေါ် ပြည်သူယုံကြည်မှု မကျစေရန် ဗဟိုဘဏ်မှ ဝင်ထိန်းမည်

By မျိုးထွန်းနိုင်
06 February 2019
နိုင်ငံခြားငွေကြေးစျေးနှုန်းများ အတက်အကျပြင်းထန်ချိန်တွင် ကျပ်ငွေအပေါ် ပြည်သူယုံကြည်မှု မကျစေရန် ဗဟိုဘဏ်မှ ဝင်ထိန်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ။              ။ နိုင်ငံခြားငွေကြေးစျေးနှုန်းများ အတက်အကျပြင်းထန်ပြီး မြန်မာကျပ်ငွေအပေါ် ပြည်သူလူထု ယုံကြည်မှုမကျ ဆင်းစေရန် ဗဟိုဘဏ်က ဝင်ရောက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာကြီးမှာ ဘယ်ဗဟိုဘဏ်မှ စျေးကွက်ရဲ့ Trend ကို လိုက်လို့ မရပါဘူး။ နိုင်ငံခြားငွေကြေးစျေးကွက်ဆိုတာ ၂၄နာရီ လည်ပတ်နေတဲ့ စျေးကွက်ပါ။ Foreign Exchange Market ဆိုတာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ Market တွေထက် အဆပေါင်းများစွာ ကြီးပါတယ်။ ဒါကိုသွားပြီးတော့ ဘယ်ဗဟိုဘဏ်မှ ရေရှည်မှာ တောင့်ခံလို့ မရပါဘူး။ ရေတို မှာရချင်ရပါမယ်။ကျွန်တော်တို့ကတော့ စျေးကွက်ရဲ့ လိုအပ်ချက်အရ ဖြစ်လာရင် စျေးကွက်ကြီးကို ဆန့်ကျင်ပြီး လုပ်မယ့် အလုပ်မဟုတ်ပါဘူး။ သို့သော် အပြောင်းအလဲ သိပ်များတဲ့အခါမှာ အပြောင်းအလဲ သိပ်ပြင်းတဲ့အခါမှာ ဘာဖြစ်သလဲဆိုတော့ ပြည်သူလူထုအနေနဲ့ မြန်မာကျပ်ငွေအပေါ်မှာ ယုံကြည်မှု ကျနိုင်ပါတယ်။ ဒီအတွက် လိုတဲ့နေရာ လိုတဲ့အချိန်မှာ ကျွန်တော်တို့ ဝင်ထိန်းသွားမှာ ဖြစ်ပါတယ်”ဟု ဦးဘိုဘိုငယ်က ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းငွေလဲနှုန်းထုတ်ပြန်သည့်အချိန်ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှ စတင်ကာ နေ့တစ်နေ့အတွက် အချက်အလက်အားလုံးရရှိနိုင်သည့်အချိန်ဖြစ်သော ညနေ (၄းဝ၀) နာရီ၌ ပြောင်းလဲထုတ်ပြန်သွားမည့်ကိစ္စအတွက် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“တစ်နေ့က စာထုတ်ပြန်ပြီး မနေ့ကစကျင့်သုံးတဲ့စနစ်က ဘာလဲဆိုတော့ Inter Bank ဆိုတဲ့ ဘဏ်အချင်းချင်း ရောင်းဝယ်တဲ့အခါမှာ စာရင်းတွေကို ကျွန်တော်တို့ဆီကို တစ်နေ့ကို လေးခါပို့ရပါတယ်။ပြီးရင် ဘဏ်တွေကနေ သွင်းကုန်နဲ့ ထုတ်ကုန် တင်ပို့သူတွေကို အိတ်စပိုတာ အင်ပိုတာတွေကို ရောင်းမယ့်ဥစ္စာကိုလည်း ကျွန်တော် တို့ကို သတင်းပို့ပါတယ်။ သတင်းပို့တဲ့ ဥစ္စာက မနက် ၉နာရီကနေ ညနေ ၃ နာရီ ကြားမှာ အရောင်းအဝယ် ဖြစ်တဲ့ ဟာတွေကို မူတည်ပြီးတော့ တွက်ချက်ပြီးတော့ ၄ နာရီမှာ ကြေညာပေးတဲ့ စနစ် ဖြစ်ပါတယ်”ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောသည်။

ထိုအစီအစဉ်နှင့် ပတ်သက်၍ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုရှိ ဗဟိုဘဏ်များတွင် နေ့တစ်နေ့လုံးအတွက် ငွေကြေး အတက်အကျ အခြေအနေများကို အတိအကျကြေညာနိုင်မှုမှာ ရှားပါးကြောင်း အမေရိကန်ဗဟိုဘဏ်သည် မနက် ၁၁နာရီအထိ အရောင်အဝယ်ဖြစ်သည့် အခြေအနေကို မွန်းတည့် ၁၂နာရီတွင် ကြေညာလေ့ရှိကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ကျွန်တော်တို့က ၉နာရီကနေ ၃နာရီကြားကို Cover ဖြစ်အောင် ကြေညာပေးတာ ဖြစ်တဲ့အတွက် တော် တော်လေး Current Rate က ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒီအပေါ်ဒါကို ကျွန်တော်တို့က ညနေပိုင်း ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ မနက်ပိုင်း ထုတ်ပြန် စရာလည်း မလိုပါဘူး။ မနက်ပိုင်းမှာ အရောင်း အဝယ် တစ်ခုလုပ်ပြီး ထုတ်ပြန်မှ ရတယ်။ မနေ့က စျေးကို ထုတ်ပြန်ရတယ်။ အဲ့မှာ အခက်အခဲက ဘာဖြစ်လဲ ဆိုတော့ တနင်္လာနေ့ ရုံးပိတ်လိုက်တယ်ဆိုပါတော့ ။ ကျွန်တော်တို့က သောကြာနေ့ညနေကနှုန်းကို အင်္ဂါနေ့မှာ ကြေညာ ရတယ်။ သင်္ကြန်ရက် ရုံးပိတ်ခဲ့လို့ ၁ဝရက်လောက်များ ပိတ်သွားခဲ့ရင် လွန်ခဲ့တဲ့ ၁ဝရက်က စျေးကို နောက် ၁၁ ရက်နေမှ ကြေညာရတယ်။ အခုဒီစနစ်မှာတော့ ဒီနေ့အရောင်းအဝယ်ဖြစ်နေတဲ့စျေးကို ဒီနေ့ညနေ ကြေညာ ပေးခြင်းဖြစ်တဲ့အတွက် အချိန်မှန်နဲ့ ပိုပြီးတော့ နီးစပ်သွားမယ်။ အားလုံးနားလည်အောင် ရှင်းပြရရင် ဒီဥစ္စာသည် စျေးကွက်ကနေ ရောင်းဝယ်တဲ့ဟာကို ထုတ်ပြန်ရတဲ့ စျေးနှုန်းပါ။ဒါသည် Market Beat Exchange Rateဖြစ်ပါတယ်” ဟု ဦးဘိုဘိုငယ်က ပြောသည်။

ယခုကဲ့သို့ ရည်ညွှန်းငွေလဲနှုန်းထုတ်ပြန်သည့်အချိန်ပြောင်းလဲခြင်းသည် ၂၀၁၂ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေး ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပြီး စျေးကွက်အခြေအနေကို တင်ပြခြင်းဖြစ်ကာ ဗဟိုဘဏ်၏ပေါ်လစီပါဝင်မှု မရှိကြောင်း သိရသည်။

နေ့စဉ်ပြောင်းလဲနေသော မြန်မာကျပ်ငွေနှင့် အခြားနိုင်ငံခြားသုံးငွေကြေးများ၏ ရည်ညွှန်းငွေလဲလှယ်နှုန်းများကို ဗဟိုဘဏ်၏ forex.cbm.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 ဓာတ်ပုံ- မြန်မာနိုင်ငံတော်ဗဟိုဘဏ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly