ဧရာဝတီတိုင်းလွှတ်တော်ကားဝယ်ယူရေးကိစ္စနှင့် အင်းလုပ်ငန်းချထားပေးမှုတို့ကို အဂတိမှ စစ်ဆေးနေ

ဧရာဝတီတိုင်းလွှတ်တော်ကားဝယ်ယူရေးကိစ္စနှင့် အင်းလုပ်ငန်းချထားပေးမှုတို့ကို အဂတိမှ စစ်ဆေးနေ

ပုသိမ်၊ ဖေဖော်ဝါရီ ၆ ။             ။ တိုင်ကြားခံထားရသော ဧရာတီတိုင်းဒေသကြီးလွှတ်တော် ကားဝယ်ယူရေးကိစ္စနှင့် ပန်းတနော်မြို့နယ်၊ အင်းချထားမှုတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က မဇ္စျိမသို့ ပြောသည်။

 “ ဒီလထဲတော့ လွှတ်တော်ကားဝယ်ယူရေးနှင့် လွှတ်တော်ဒုဥက္ကဋ္ဌ အဲဒါပါပဲ။ ဦးစန်းမောင်အမှုကတော့ တစ်ကြိမ် စစ်ပြီးတော့၊ သူတို ့နယ်ဆင်းသွားတယ်တော့ သိတယ်။ နောက်ထပ် မသိဘူး။ ကျွန်တော်သိတာ ဒါ ပထမအကြိမ်ပဲ။  မသိတာရှိရင် ရှိမယ်။ အဖွဲ့နဲ ့စနစ်တကျ လာပြီးတော့ အထိုင်ချပြီး စစ်တာ ပထမဆုံး အကြိမ်ပါ။ စစ်ဆေးတဲ့ကိစ္စက အခုလည်း စစ်ဆေးတုန်း၊ သိပ်တော့ မကြာလောက်ပါဘူး။ နောက် ၅ ရက် တစ်ပတ်အတွင်းလောက် ပြည့်စုံသွားပါလိမ့်မယ်။ ဆုံးဖြတ်ချက်တွေ ထွက်လာပါလိမ့်မယ်” ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

 ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကားဝယ်ရေးကိစ္စနှင့်ပတ်သက်ပြီး ပြည်သူတစ်ဦးက အဂတိတိုက်ဖျက်မှု ကော်မရှင်သို ့တိုင်ကြားခဲ့ခြင်းလည်းဖြစ်ကာ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌကို NLD ပါတီဗဟိုမှ ခေါ်ယူစစ်ဆေးကာ ပါတီမှ ထုတ်ပယ်ခဲ့သည်။

 ထို့ပြင် ပန်းတနော်မြို့နယ်၊ အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်ကိုလည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးနေကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌထံမှ သိရသည်။

 “ ကော်မရှင်အနေနဲ ့ကျွန်တော်ကို လာပြီးတော့ စစ်ဆေးတဲ့သဘောတော့ မဟုတ်ပါဘူး။ ဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ဘယ်လိုအနေအထားရှိတဲ့သဘော၊ မေးမြန်းတဲ့သဘောပါ။ တစ်နေ့တည်းမှာ နောက် ခေါ်ယူ မေးမြန်းခြင်းတော့ မရှိတော့ဘူး”ဟု ပန်းတနော်မြို့နယ်၊ အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က ပြောသည်။

 “ မြို့နယ်တွေမှာဆိုရင် ရေလုပ်သားအစုအဖွဲ ့တွေကို လုပ်ပိုင်ခွင့်တွေချပေးတဲ ့နေရာမှာဆိုရင် မြို့နယ် အင်းနှင့် တင်ဒါများစိစစ်ရေးကော်မတီ ဆိုတာ ရှိပါတယ်။ အဲဒီကော်မတီမှာဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ ငါးလုပ်ငန်းဦးစီးမှူးက အတွင်းရေးမှူး၊ ဒုမြို့နယ်ရဲတပ်ဖွဲ ့မှူး၊ အများကြည်ညိုတဲ့ အရပ်သား ၂ ဦး ၊ မြေစစ်က ပုဂ္ဂိုလ် ၂ ဦး ပါ ပါတယ်” ဟု ၄င်းက ပြောသည်။

 “ဒါတွေကို စိစစ်ရွေးချယ်တဲ့လုပ်ငန်းတွေမှာမပါဘူး၊သူတို ့ရွေးချယ်ပြီးတဲ ့နောက်မှာ သဘောထားမှတ်ချက် လေးတွေ ရေးထိုးပေးလိုက်တဲ့နေရာမှာ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ရော၊ ကျွန်တော်ရော၊ အောက်ကလ က်မှတ်ရေးထိုးခြင်း ဖြစ်ပါတယ်။ အင်းတွေ တင်ဒါတွေပေးတာ ကော်မတီက တိုင်းဒေသကြီးအစိုးရ ညွန်ကြားချက်တွေနဲ့အညီ စိစစ်ပြီးတော့မှ ကျွန်တော်တို့အနေနဲ့က ကော်မတီစိစစ်ချက်တွေအပေါ်မှာ သဘောထားမှတ်ချက်လေး ပေးရတာပါပဲ ရှိပါတယ်။ စီမံခန့်ခွဲခြင်းအလုပ်တွေမှာ ကျွန်တော်တို့က တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိပါဘူး” ဟု ပန်းတနော်မြို့နယ်၊ အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစန်းမောင်က ပြောသည်။

 ကော်မတီစီစစ်သတ်မှတ်ချက်များနှင့်မညီသဖြင့် မပေးခြင်ကို ကိုယ်စားလှယ်ကနေ ပါ၀ါသုံးပြီး ပေးခြင်းဟု ယူဆ၍ တိုင်ကြားခြင်း ဖြစ်ကြောင်း တိုင်ကြားခံရသူကိုယ်စားလှယ်က ဆိုသည်။

ပန်းတနော်မြို့နယ်၊ အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်အား ပန်းတနော်မြို့နယ် မင်းတစုကျေးရွာရှိ ငါးဖယ်ဆယ်အင်းကို အင်းဂရန် ချထားရာမှာ ငွေကြေးရယူကာ အဂတိလိုက်စားမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက တိုင်ကြားခဲ့ခြင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ  စစ်ဆေးနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly