မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင်ကို လွှတ်ပေးသင့်/မသင့် အမိန့်ချမည်

မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင်ကို လွှတ်ပေးသင့်/မသင့် အမိန့်ချမည်

ရန်ကုန်၊ ဖေဖော်ဝါရိ ၆ ။             ။ စားပွဲထိုးဝန်ထမ်းအမျိုးသားကို အဓမ္မပြုကျင့်သည်ဟုဆိုကာ အမှုရင်ဆိုင်နေရသော မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ်ကို  လာမည့်ရုံးချိန်းတွင် လွှတ်ပေးသင့်၊ မသင့် အမိန့်ချရန်ရှိကြောင်း စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်သော တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးသက်က ပြောသည်။

စွပ်စွဲခံရသည့် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင်ရုံးထုတ်အပြီး ပြောခဲ့ခြင်း ဖြစ်သည်။

“ ဒီနေ့ရုံးချိန်းကတော့ တရားသူကြီးက  ၂၅၃(၂) နဲ့အမိန့်ချမယ့်ဟာကို  စွဲချက်အမိန့်ချမှာနဲ့ အတူတူပဲ ဖြစ်တဲ့အတွက် နောက်ရုံးချိန်းမှာပဲ အမိန့်ချမယ်။ နှစ်ခုပေါင်းပြီးတူတူချမယ်လို့ချိန်းလိုက်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးသက်ကဆိုသည်။

အဆိုပါအမှုကိုစစ်ဆေးနေသည့် မြို့နယ်တရားသူကြီးမှာ ပြောင်းရွှေ့မိန့်ကျလာ၍ လုပ်ထုံးလုပ်နည်းအရ လွှတ်ပေးသင့်/ မသင့်အမိန့်ကိုချမှတ်ပေး၍ မရတော့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်တရားသူကြီးမှာ တစ်ပတ်အတွင်းပြောင်းရွှေ့ရမည်ဖြစ်ပြီး လွှတ်ပေးသင့်/ မသင့် အမိန့်အပြင် စွဲချက်အမိန့်တို့ကို လာမည့်ရုံးချိန်းတွင် အသစ်ပြောင်းရွှေ့လာသည့် တရားသူကြီးမှ ချမှတ် ရမည်ဖြစ်ကြောင်းလည်း တရားရုံးမှသိရသည်။

 “ သူဒီအပတ်ထဲမှာပြောင်းရမှာမို့လို့ပေါ့နော်ဒီအမိန့်ကို သူမချနိုင်ဘူး။ စွဲချက်ချမယ့် အမိန့်နဲ့ အတူတူပဲ ဖြစ်တဲ့အတွက်ကို စွဲချက်အမိန့်နဲ့တစ်ခါတည်းပေါင်းချလိုက်မယ်ဆိုပြီးတော့ လာမယ့်ရုံးချိန်းကို စွဲချက် အတွက်လျှောက်လွဲချက်ချိန်းလိုက်တယ်”  ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးသက်ကဆိုသည်။

တောင်ဥက္ကလာပမြို့နယ်၊ မယ်လိမ့်လုံရှမ်းရိုးရာ စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ်ဆိုသူက ၎င်း၏ ဝန်ထမ်းဖြစ်သူ စားပွဲထိုးဝန်ထမ်းအမျိုးသားကို စတင်အလုပ် လုပ်ကိုင်သည့်နေ့မှ စတင်၍ ဖုန်းငွေများ သွင်းပေးခြင်း၊ မုန့်ဖိုးများပေးခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် အလိုမတူအဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်ပြီးနောက် ဝန်ထမ်းအမျိုးသားကို ငွေကျပ် ၂၅၀၀ ကျပ်နှင့် ဖုန်းဘေ ၃၀၀၀ ကျပ် ဖြည့်ပေး ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ထို့ကြောင့် စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ်ကို  တောင်ဥက္ကလာပမြို့နယ်တရားရုံး၌ ရာဇဝတ်ကြီး မှုအမှတ် ၂၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၇ ဖြင့် တရားစွဲဆိုထားခြင်းလည်းဖြစ်သည်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၇ အရ "ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင်ထိုသူကို တစ်သက် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ် အထိထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဟု ပြဋ္ဌာန်းထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required