ချင်းလူမျိုး မျက်နှာသစ် ထီရယ်ထန်၊ အန်တိုနီယို၊ ဖိုးသော်တို့ ပါဝင်သည့် ONE: REGIN OF VALOR 

ချင်းလူမျိုး မျက်နှာသစ် ထီရယ်ထန်၊ အန်တိုနီယို၊ ဖိုးသော်တို့ ပါဝင်သည့် ONE: REGIN OF VALOR 

အာရှ၏ အကြီးမားဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့အစည်းကြီး ဖြစ်သော ONE Championship သည် မတ်လ ၈ ရက်နေ့၊ ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်မည့် ONE: REGIN OF VALOR ပြိုင်ပွဲအတွက် ကနဦးတွဲဆိုင်းကြေညာချက်များ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

Zebaztian Kadestam နှင့် Georgiy Kichigin ပထမဆုံးတွဲဆိုင်းအဖြစ် ONE Championship ဝယ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်တဲ့ ဆွီဒင်နိုင်ငံသား Zebaztian Kadestam ကို ကာဇက်စ္စတန် နိုင်ငံသား ကိုယ်ခံပညာကစားသမား Georgiy Kichigin က ယှဉ်ပြိုင်ထိုးသတ်ဖို့ စိန်ခေါ်ထားခြင်းဖြစ်သည်။ ယခုတွဲဆိုင်းမှာ Zebaztian Kadestam  အတွက် ပထမဆုံး အကြိမ် ချန်ပီယံသရဖူကို ကာကွယ်ရန်အတွက် ထိုးသတ်ရမည့်ပွဲလည်း ဖြစ်သည်။ 

ဆွီဒင်နိုင်ငံသား Zebaztian Kadestam သည်  ပွဲတိုင်းကျော် အနိုင်ရနေသည့် အမေရိကန်နိုင်ငံသား Tyler McGuire ကို ငါးချီမြောက်တွင် ထိုးသတ် အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ဆုကို သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ Zebaztian Kadestam သည် ၎င်း၏  ချန်ပီယံခါးပတ်ကို ပထမဆုံး အကြိမ် ကာကွယ်ရတော့မည် ဖြစ်သည်။

Georgiy Kichigin သည် ကာဇက်စ္စတန်၏ အကောင်းဆုံး နပမ်းကစားသမား တစ်ဦးဖြစ်သည်။ ကာဇက်စ္စတန် သမိုင်းတွင် နပမ်းအားကစားသည် အတိုင်းအတာတစ်ခုအထိ နေရာရှိနေခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက စစ်တပ်တွင်  တာဝန်ထမ်းဆောင်သော စစ်သည်တိုင်း နပမ်းပညာကိုလေ့လာသင်ယူရသည်။ Georgiy Kichigin သည် ၂ဝ၁၄ ခုနှစ်မှစတင်ပြီး လက်ရှိအချိန်အထိ ၁၄ ပွဲဆက်တိုက် နိုင်ပွဲရှိထားသော စံချိန်တင်ထားသည်။ ၎င်းသည် ယခုအခါ ONE Championship ၏ ဝယ်တာဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဆွီဒင်နိုင်ငံသား Zebaztian Kadestam ကို စိန်ခေါ် ထိုးသတ်မည်ဖြစ်သည်။

Toni Tauru နှင့် Gary Mangat ယခင် ဘန်တန်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် စိန်ခေါ်သူဟောင်း Toni “Dynamite” Tauru သည် ပြိုင်ပွဲများမှ ခေတ္တလမ်းခွဲခဲ့ပြီးနောက် ယခုအခါ ONE ကြိုးဝိုင်းအတွင်းသို့ တစ်ကျော့ပြန် ဝင်ရောက်လာတော့မည်ဖြစ်သည်။ "ဒိုင်းနမိုက်"ဟု နာမည်ပြောင်ရသည့် ဖင်လန်ကစားသမား Toni Tauru သည် Cage Warrior Bantamweight ချန်ပီယံဖြစ်ကာ ONE Championship ပြိုင်ပွဲသို့ ၂ဝ၁၅ ဇူလိုင်လကည်းက ဝင်ရောက်လာခဲ့သူဖြစ်သည်။ ၎င်းအနိုင်ရခဲ့သည့် (၁၁)ပွဲအနက် (၈)ပွဲမှာ ပြိုင်ဘက်က ဆက်လက်မယှဉ်နိုင်တော့၍အရှုံးပေးကာ အနိုင်ရခဲ့သောပွဲများဖြစ်သည်။

"Sanit Lion "ဟုခေါ်သည့် ကနေဒါနိုင်ငံသား Gary Mangat သည် SFL နှင့် Brave Combat Federation ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ပြီးနောက် ONE တွင် ပထမဦးဆုံးယှဉ်ပြိုင်သွားတော့မည်ဖြစ်သည်။ တိုက်စစ်ကိုဦးဆောင်သူ၊ နပမ်းကျွမ်းကျင်သူအဖြစ် နာမည်ကြီးသော Gary Mangat သည် ဂျူဂျစ်ဆုပညာရပ်ကိုလည်း ထူးထူးချွန်ချွန်ကစားနိုင်သည်။ နောက်ဆုံး(၃)ပွဲဆက် အနိုင်ရခဲ့ခြင်းက Gary Mangat ကို ONE Championship ကြိုးဝိုင်းအတွင်းသို့ ရောက်ရှိလာစေခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အဆင့် ကိုယ်ခံပညာသိုင်းပေါင်းစုုံပြိုင်ပွဲကြီးတွင် Toni Tauru  ကိုအနိုင်ယူကာ နိုင်ပွဲဆက်နိုင်မလားဆိုသည်က စိတ်ဝင်စားစရာကောင်းနေသည်။

အန်တိုနီယို နှင့် Audreylaura Boniface ဘိုဇီနာ အန်တိုနီယာမှာ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည်။ (၁၆)နှစ်အရွယ်ကတည်းက ကိုယ်ခံပညာသိုင်းပေါင်းစုံ ပညာရပ်များကို လေ့လာလိုက်စားခဲ့ပြီး နိုင်ငံတော်အဆင့် လက်ဝှေ့ချန်ပီယံဆုကို (၂)ကြိမ်တိုင်ရယူနိုင်ခဲ့သည်။ ၂ဝ၁၈ ဖေဖော်ဝါရီလတွင် ONE Championship ပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံတည်းသားရွှေစင်ကို (၂၄)စက္ကန့်မှာပင် ဒိုင်ပွဲရပ်အနိုင်ယူကာ ONE အမျိုးသမီးပွဲစဉ်များအနက် ပွဲသိမ်းအမြန်ဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

အန်တိုနီယို နှင့် ထိပ်တိုက်တွေ ့နေသူက မလေးရှားမှ Audreylaura Boniface ဖြစ်သည်။ Boniface သည် ဆာဘားရှိ နာမည်ကျော်လေ့ကျင့်ရေးနည်းပြ AJ  Lias Mansor ၏ Borneo Tribal Squad ကလပ်တွင် လေ့ကျင့်နေသူဖြစ်သည်။ 

"Ice Comet" ဟု အမည်ရသည့် Boniface သည် တိုက်ကွမ်ဒိုခါးပတ်နက်အဆင့်ဖြစ်ပြီး ONE ပထမဆုံးပွဲဦးထွက်ပွဲစဉ်တွင် အန်တိုနီယာကိုအနိုင်ရရှိရန် မျှော်လင့်ထားသည်။

Jomary Torres နှင့် Lin HeQin ဖိလစ်ပိုင်မှ Jomary Torres က တရုတ်မှ ပြိုင်ပွဲဝင်အသစ် Lin HeQin နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Torres သည် ONE Championship ပွဲဦးထွက် (၃)ပွဲဆက် အနိုင်ရခဲ့သော်လည်း  ၂ဝ၁၈ ခုနှစ်အတွင်း နောက်ဆုံး(၂)ပွဲ

ဆက်တိုက် ရှုံးနိမ့်ထားသည်။ လက်ရှိတွင် " The Zam-boanginian Fighter " ဟု နာမည်ပြောင်ရသည့် Torres သည် နာမည်ကျော် ကိုယ်ခံပညာ သိုင်းပေါင်းစုံကစားသမားဟောင်း Ruel Catalan ၏ သင်ကြားပြသ မှုအောက်တွင် လေ့ကျင့်သင်ယူနေပြီး ၂ဝ၁၉ ၌ အောင်ပွဲဖြင့်ပြန်လာရန် ကြိုးပမ်းနေသည်။ သို့သော် ၎င်း အနေ ဖြင့် Lin HeQin ကို ကျော်ဖြတ်နိုင်ဖို့တော့ လိုသည်။

အသက်(၂၅)နှစ်အရွယ် တရုတ် ကစားသမား  Lin HeQin သည် လက်ရှိအချိန်တွင် (၅)ပွဲဆက်တိုက်အနိုင်ရရှိထားသူဖြစ်သည်။ ၎င်းတွင် ပြိုင်ဘက်အပေါ် တိုက်စစ်ဆင်ရာ၌ မယုံကြည်နိုင်စရာကောင်းသည့်စွမ်းအားများပိုင်ဆိုင်ထားပြီး သိုင်းပေါင်းစုံ ကိုယ်ခံပညာကစားသမားဘဝတွင် ဒိုင်ပွဲရပ်နိုင်ပွဲပေါင်းများစွာ ရယူထားနိုင်သူလည်းဖြစ်သည်။ "Fighting Sisters" ဟု အမည်ရသည့် Lin HeQin ကတော့ ONE Championship ပွဲဦးထွက်တွင် Torres ကို ကျော်ဖြတ်ပြမည်ဟု ကြုံးဝါးထားသည်။

ထီရယ်ထန်း နှင့်Rin Saroth ခမာလက်ဝှေ့ကစားသမား Rin Saroth နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Rin Saroth သည် KWC 3 Featherweight Tournament ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သော ကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ရိုးရာ ခမာလက်ဝှေ့ပြိုင်ပွဲ၌ (၁၁ဝ)ပွဲနိုင်၊ (၂၂)ပွဲရှုံးမှတ်တမ်းရယူထားသူဖြစ်သည်။

Rin Saroth သည် ၂ဝ၁၅ တွင် ONE Champion ပြိုင်ပွဲ၌ စတင်ယှဉ်ပြိုင်ခဲ့ပြီး Mission Ali နှင့် Mario Satya Wirawan တို့ကို အနိုင်ရထားသည်။ ချင်းလူမျိုး ထီရယ်ထန်း နှင့် Saroth တို့သည် (၆၈) ကီလို ကတ်ချ်ဝိတ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဖိုးသော် နှင့် Yohan Mulia Legowo  နောက်ထပ် မြန်မာနိုင်ငံသား ကြယ်တစ်ပွင့်ဖြစ်သည့် ဖိုးသော်ကလည်း အင်ဒိုနီးရှားမှ Yohan Mulia Legowo နှင့် ယှဉ်ပြိုင်ကာ ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်လာမည်ဖြစ်သည်။

မြန်မာ့ရိုးရာလက်ဝှေ့သမားဟောင်းဖြစ်သူ ဖိုးသော်လည် ONE Championship အဖွင့်(၆)ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး (၅)ပွဲက ပထမအချီမှာပင် အလဲထိုးအနိုင်ပွဲများဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကမူ "Bushido"ဟု အမည်ပြောင်ရသည့် ဖိုးသော်သည် မလေးရှားမှ Keanu Subba ကို ပထမအချီမှာပင် ဒိုင်ပွဲရပ်ဖြင့်အရေးနိမ့်ခဲ့ပြီး နာကျင်စရာရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရပြီး အင်ဒိုနီးရှားဝါရင့်ကစားသမားနှင့်ပွဲတွင် နိုင်ပွဲပြန်ရရန်အကောင်းဆုံးပြင်ဆင်ထားသည်။

Legowo  သည် သိုင်းပေါင်းစုံ ကိုယ်ခံပညာရပ်ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံ၏ ရှေ့ဆောင်လမ်းပြ ကစားသမား တစ်ဦးလည်းဖြစ်သည်။ ကမ္ဘာ့အဆင့်ဖြစ်သည့် ONE Champi-onship တွင်မယှဉ်ပြိုင်မီ အင်ဒိုနီးရှားပြည်တွင်းပြိုင်ပွဲများ၌ ပွဲပေါင်းများစွာ ယှဉ်ပြိုင်ထားသူလည်းဖြစ်သည်။ "The Iceman" ဟု အမည်ရသည့် Legowo သည် အတွေ့အကြုံရင့်ကျက်သူတစ်ဦးဆိုသည်ကို သက်သေပြသနိုင်ရန် မြန်မာ့အကျော်ကြားဆုံး အားကစားသမားတစ်ဦးဖြစ်သည့် ဖိုးသော်နှင့်ပွဲတွင် အကောင်းဆုံးကြိုးစားပြရတော့မည်ဖြစ်သည်။

မတ်လ(၈)ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏရှိ မိုးလုံလေလုံအားကစားရုံ၌ကျင်းပမည့် ONE:REIGN OF VALOR  ပြိုင်ပွဲကြီးတွင်ပါဝင်မည့် အခြားတွဲဆိုုင်းများအား မကြာမီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly