ထီပေါက်သူများ နစ်နာမှုနည်းအောင် သိန်းဆုဌာနခွဲမှ လေးလေးစားစား အကြောင်းကြားရန် တိုက်တွန်း

ထီပေါက်သူများ နစ်နာမှုနည်းအောင် သိန်းဆုဌာနခွဲမှ လေးလေးစားစား အကြောင်းကြားရန် တိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီလ ၆ ။             ။ အောင်ဘာလေထီသိန်းဆုဌာနခွဲအနေဖြင့် ထီကံစမ်းသည့် ပြည်သူများအား ထီစျေးနှုန်းကြီးမြင့်မှုဒဏ်၊ ထီပေါက် သော်လည်းပေါက်မှန်းမသိဖြစ်ကာ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းများကို နည်းနိုင်သမျှနည်းအောင် ၀ါယမ စိုက်ထုတ်၊ စေတနာထားပြီး ကြိုးစားလုပ်ဆောင်ပေးရန် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်းက တိုက်တွန်းပြောဆိုလိုက်သည်။

“ထီပေါက်တဲ့သူတွေကို ဌာနက လေးလေးစားစား အကြောင်းကြားပေးဖို့ စီမံဆောင်ရွက်သင့်ပါတယ်။ ထီစျေးနှုန်း ကြီးမြင့်နေတာ၊ ပေါက်တဲ့ထီမဲတွေ လာမထုတ်တာတွေဟာ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့်ဆိုတာ ငြင်းပယ်လို့ မရပါဘူး ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်းက တိုက်တွန်းပြောဆိုခဲ့သည်။ 

၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လပတ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် ၄င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အပေါ် ဆွေးနွေးရာတွင် ဦးထိန်ဝင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုအားနည်းချက်များကို မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကိုလည်း ၄င်းကိုယ်စားလှယ်က မေးခွန်း ထုတ်ခဲ့သည်။

ယင်း အစီရင်ခံစာ၏ ၆ လပတ် မီနီဘတ်ဂျက်တွင်ထဲတွင် လာရောက်ထုတ်ယူခြင်းမရှိသည့် ထီဆုမဲပေါင်း ၆၇၇၈၈ စောင် (တန်ဖိုး ၅၈၇၄.၄၀)သန်း ရှိပြီး ပျမ်းမျှအားဖြင့် တစ်လလျှင် ၁၁၂၉၈ စောင်ခန့် ရှိကြောင်း သိရသည်။ 

အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ထီပေါက်မဲများကို အချိန်မီသိရှိနိုင်ရန် ရေဒီယို၊ သတင်းစာ၊ အောင်ဘာလေထီ (Website) များမှ ထုတ်ပြန်ပေးလေ့ရှိသော်လည်း ထီကံစမ်းသူအများစုသည် ထီတိုက်သည့် အလေ့အထ နည်းခြင်း၊ ထီဆိုင်များမှ အကြောင်းကြားပေးမည်ထင်ကာ ထီမတိုက်ခြင်း ၊ ထီလက်မှတ် ပျောက်ဆုံးပျက်စီးခြင်းများကြောင့် လာရောက်ထုတ်ယူခြင်းမရှိကြောင်းသိရသည်။

“ထီလက်မှတ်တွေကို ယခင် ၂ ကျပ်တန်ခေတ်ကလို လက်ခံဖြတ်ပိုင်းပါတဲ့ပုံစံမျိုး ပြောင်းလဲထုတ်ဝေဖို့ အကြံပြု လိုပါတယ်။ လက်ခံဖြတ်ပိုင်းမှာ အရင်ကလို နာမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေ ရေးရပါတယ်။ လက်ခံဖြတ်ပိုင်းတွေကို ပြန်တောင်းကြည့်ပြီးတော့ ထီပေါက်တဲ့သူတွေကို ဌာနကနေပြီးတော့ လေးလေးစားစား ဆက်သွယ်အကြောင်းကြားပေးခြင်းဖြင့် ပြည်သူတွေရဲ့နစ်နာမှုကို ကုစားပေးပါ”ဟု ဦးထိန်ဝင်းက ပြောသည်။

အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် လစဉ်ထီလက်မှတ်များရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ထီဆုမဲများ အဖြစ် ပြန်လည်ချီးမြှင့်ပြီး ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာအဖြစ် ကောက်ခံခြင်း ဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် ထီပေါက်ခြင်းကို မသိရသည့် အတွက်လာရောက်ထုတ်ယူခြင်းမရှိသည့် ဆုမဲများကို ကြေညာပြီး တစ်နှစ်အတွင်းတွင် နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူသောကြောင့် အဆိုပါ ငွေများသည် ထီ ကံစမ်းသူများဘက်မှ ရရှိသည့် ၆ဝရာခိုင်နှုန်းထဲမှ ဖြစ်သည့်အတွက် ပြည်သူများ၏ နစ်နာမှုကို စေတနာထား ဆောင်ရွက်ပေးရန် လိုအပ်နေပြီဟု ဦးဝင်းထိန်က ဆိုသည်။

“ဆင်းရဲနိမ့်ကျလှတဲ့ ပြည်သူတွေအနေနဲ့အောင်ဘာလေထီဟာ ဆင်းရဲတွင်းက ထွက်ပေါက်ပဲဆိုတာ သူတို့ရဲ့ ရည်မှန်းချက်ပါပဲ။ ထီပေါက်ရင် ငါတို့ဘဝ ပြောင်းရချည်ရဲ့ဆိုပြီး သူတို့ရဲ့ အိပ်မက်လှလှတွေကို အကောင်အထည် ဖော်ဖို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ၅၀၀ တန်ကို ထီတစ်စောင် ၇၀၀ ပေးပြီး အားကိုးတကြီးနဲ့ ထီကို အားပေးကံစမ်းနေခြင်းပဲ ဖြစ်ပါတယ်” ဟု ဦးဝင်းထိန်က ဆိုသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနမှ ကောက်ခံ ရရှိသည့်ငွေများသည်၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကျပ်ဘီလီယံ ၃၀၊၂၀၁၅-၂၀၁၆တွင် ကျပ်ဘီလီယံ ၃၄၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဘီလီယံ ၄၀၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် ၉၄ ဘီလီယံနှင့် ၂၀၁၈ ခုနှစ် ၆လ အသေးစား ဘတ်ဂျက်(Mini Budget) တွင် ဘီလီယံ ၅၀ အထိ ကောက်ခံရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required