ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်သင့်ဟုဆို

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်သင့်ဟုဆို

နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ။            ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်အနေဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ယူထားရသည့် အတွက် ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် ပါဝင် ဆွေးနွေးသင့်သည်ဟု မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာဟာ ရှိနေတဲ့ သမိုင်းပေးအခြေအနေ၊ အခု မျက်မှောက်နိုင်ငံတော်ရဲ့ အခြေအနေတွေ၊ အခုရှိနေတဲ့ ကမ္ဘာရဲ့ သွားနေတဲ့ Trend ၊ တောင်းဆိုနေတဲ့ အခြေအနေမျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင်၊ ရှင်သန်အောင် ပြုပြင်ပြောင်းလဲပေးလိုက်မယ် ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ရှင်သန်သွားမှာပေါ့။ အဲ့လို ရှင်သန်အောင် တာဝန်ယူထားတယ်ဆိုရင် ပူးပေါင်းပါဝင်သင့် တာပေါ့ ” ဟု ၄င်းက ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်းမှ ပြန်လည်ထွက်ခွာချိန်တွင် ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်းမှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုကို မဲခွဲဆုံးဖြတ်အတည်ပြုပြီးနောက် ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် လွှတ်တော် ဒုတိယကနာယက ဦးထွန်းထွန်းဟိန်ကို တာဝန်ပေးအပ်ခဲ့သည်။

အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်များမှ တူညီမျှတသော အရေအတွက်ဖြင့် ကိုယ်စားလှယ်များကို ဖွဲ့စည်းပေးသွားမည်ဖြစ်ပြီး ၊ နိုင်ငံရေးပါတီအသီးသီး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့မှ ကိုယ်စားလှယ် အရေအတွက်ကိုလည်း အချိုးကျဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း လွှတ်တော်နာယက က ပြောသည်။

နိုင်ငံရေးပါတီအသီးသီး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ကိုယ်စားပြုတာဝန်ခံ ပြည်ထာင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းကော်မတီဖွဲ့စည်းရန်အတွက် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။ ၄င်းဆွေးနွေးပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၏ ပါဝင်မှုအရေအတွက်ကို ညှိနှိုင်းသတ်မှတ်ပေးသွားမည်ဖြစ်ပြီး ပူးပေါင်းကော်မတီ၏ တာဝန်လုပ်ပိုင်ခွင့်နှင့် သက်တမ်းတို့ကို သတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွွှတ်တော်ထဲတွင် ဒုတိယ အချိုးကျပါဝင်မှုရာခိုင်နှုန်း များသည့် တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် အဆိုပါကော်မတီတွင် ပါဝင်မှုရာခိုင်နှုန်း မျှတမှု ရှိ၊ မရှိကိုတော့ မသိရသေးသည့်အတွက် လတ်တလောတွင် ပါဝင်ရန် မဆုံးဖြတ်ရသေးကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။

“ကော်မတီမှာ ပါဝင်တဲ့ဦးရေတွေ က အချိုးတွေက ဘယ်လိုပါဦးမလဲရယ်၊ နောက်ကော်မတီရဲ့ လုပ်ပိုင်ခွင့် တွေရယ်၊ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ဒါတွေနဲ့တင် ကျွန်တော်တို့ သိလာမှပဲ ကျွန်တေ်ာတို့ ဆက်လက်ပြီးတော့ ဆွေးနွေးဆောင်ရွက်ရမှာပါ”ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။

သို့ရာတွင် ၄င်းတို့အနေဖြင့် ပူးပေါင်းကော်မတီတွင် လုံးဝ မပါဝင်နိုင်ဘူးဆိုသည့် စကားလုံးကိုတော့ မပြောဆို ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ဆက်လက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly