ချီလီ တောင်ပိုင်းမှာ တောမီးများ အကြီးအကျယ်လောင်ကျွမ်း

ချီလီ တောင်ပိုင်းမှာ တောမီးများ အကြီးအကျယ်လောင်ကျွမ်း

ဖေဖော်ဝါရီ ၆ ။            ။ ချီလီနိုင်ငံ တောင်ပိုင်းမှာ တောမီးများ လောင်ကျွမ်းနေလျက် ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှာတော့ ဒေသ သုံးခုမှာ တောမီးကြောင့် အရေးပေါ်ကပ်ဘေး ကျရောက်နေပြီဖြစ်ကြောင်း အစိုးရက ကြေညာသွားခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်းမှာ လောင်နေတဲ့ တောမီးတွေကြောင့် ယခုအခါ လူနှစ်ဦးထက် မနည်း သေဆုံးခဲ့ပြီး သစ်ပင်တွေနဲ့ သီးနှံစိုက်ခင်းတွေနဲ့ ရှိနေတဲ့ မြေဧရိယာ ဟက်တာပေါင်း ၁၀,၀၀၀ လောက် မီးလောင်ကျွမ်း ပျက်ဆီးသွားခဲ့ပါတယ်။

Biobio ၊ Araucania နဲ့ Los Rios ဒေသသုံးခုမှာ တစ်ခုချင်းစီ လောင်ကျွမ်းနေလျက် ရှိတဲ့ တောမီးပေါင်း ၆၃၀ ကျော်လောက် ရှိခဲ့ပြီးနောက် နေအိမ် ၂၅ လုံး မီးထဲ ပါသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ယခုလို နိုင်ငံတော်အဆင့် အရေးပေါ် ကပ်ဘေး ကြေညာချက် ထုတ်ပြန်လိုက်ခြင်းကြောင့် တောမီးတွေကို ထိန်းချုပ်ငြိှမ်းသတ်ရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ စစ်တပ်ကလည်း ပူးပေါင်းပါဝင်နေလျက် ရှိပြီ ဖြစ်ပါတယ်။

လက်ရှိ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း တောမီးငြိှမ်းသတ်ရာမှာ အားထုတ်မှုတွေကို နှစ်ဆတိုး လုပ်ဆောင်နေလျက် ရှိကြောင်း၊ လေယာဉ်၊ ရဟတ်ယာဉ်နဲ့ မီးသတ်ယာဉ်တွေကိုလည်း နှစ်ဆတိုး ဖြန့်ကျက်ထားကြောင်း ချီလီ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly