၁၁ကြိမ်မြောက် အဖေများနေ့အခမ်းအနား ကျင်းပမည်

၁၁ကြိမ်မြောက် အဖေများနေ့အခမ်းအနား ကျင်းပမည်

မန္တလေး၊ ဖေဖော်ဝါရီ ၆ ။             ။ ၁၁ကြိမ်မြောက် အဖေနေ့အခမ်းအနားကို တပေါင်းလပြည့်(မတ်လ ၁၀)ရက်တွင် မန္တလေးမြို့၊ ၈၄လမ်း၊၄၅လမ်း ထောင့်၊ သာသနာ ၂၅၀၀ ဗိမာန်တော်ကြီးတွင် ပြုလုပ်သွားမည်ဟု အဖေနေ့ ၊အမေနေ့ ဖြစ်မြောက်ရေး ကော်မတီမှ ပြန်ကြားရေးတာဝန်ခံ စာရေးဆရာ ဒီလှိုင်းဝင်းကပြောသည်။

 အဆိုပါအခမ်းအနားတွင် ပုလဲဆရာတော်နှင့်စာရေးဆရာ ဒီလှိုင်းဝင်းတို့က ဖခင်မေတ္တာတရားများနှင့် ပတ်သက်၍ ဟောပြောမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 "ဖခင်တွေရဲ့ ပေးဆပ်မှုကကြီးပါတယ်။ မိခင်ကိုကျေးဇူးဆပ်သလို ဖခင်တွေကိုလည်း ကျေးဇူးဆပ်ဖို့ လိုပါတယ်။ အထူးသဖြင့် လူငယ်တွေ မိခင်၊ဖခင်တို့ရဲ့ မေတ္တာတရားကြီးမားပုံတွေကို သိစေချင်တယ်။ လာရောက်ခဲ့ဖို့လည်း ဖိတ်ခေါ်ပါတယ်။"ဟု စာရေးဆရာ ဒီလှိုင်းဝင်းကပြောသည်။

 အဆိုပါအခမ်းအနားတွင် အဖေနေ့ဝတ္ထုတို၊ကဗျာရှည်ပြိုင်ပွဲကိုလည်း ထည့်သွင်းထားပြီး ပါဝင်ပြိုင်ပွဲ ဝင်လိုသူများအနေဖြင့် မတ်လ ၅ ရက်နေ့ နောက်ဆုံးထား၍ စာမူများကို ထွန်းဦးစာပေ၊ ၂၉×၃ဝကြား၊ ၈၄လမ်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး၊ ဆရာဦးဖုန်းမြင့်အောင် ၆၉လမ်း၊ ၄၀×၄၁ကြား၊ မန္တလေး တက္ကသိုလ်အရှေ့ဘက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးနှင့်စာရေးဆရာမ ယဉ်ယဉ်နု၊ ရှမ်းစုစာတိုက်၊ မန္တလေး သို့ပေးပို့ရမည်ဖြစ်သည်။

 "ရွက်ပုန်းသီး စာပေ ဝါသနာရှင်တွေ ပေါ်ထွက်လာဖို့နဲ့မိဘမေတ္တာတွေကိုသိရှိ ကျေးဇူးဆပ်နိုင်ဖို့ ရည်ရွယ်ပြီး စာပေပြိုင်ပွဲလုပ်တာပါ။"စာရေးဆရာ ဒီလှိုင်းကဆက်ပြောသည်။

 အခမ်းအနား၏ ပြိုင်ပွဲတွင် ဆုရရှိသူများကို ကဗျာရှည်၊ ဝတ္တုတို ကဏ္ဍနှစ်ခုစလုံးအတွက် ပထမဆု ကျပ် တစ်သိန်းငါးသောင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဒုတိယဆု ကျပ်တစ်သိန်းနှစ်သောင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ တတိယဆု ကျပ်တစ်သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ၊ နှစ်သိမ့်ဆု ကျပ်ငါးသောင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ကဗျာရှည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ အပါအဝင် နှစ်သိမ့် ၃ဆု ပေါင်း ၆ဆု၊ ဝတ္တုတိုတွင် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် နှစ်သိမ့် ရဆု ပေါင်း ၁ဝဆု ရွေးချယ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required