လာမယ့်နှစ်နှစ်အတွင်း ဒုံးကျည်သစ်တွေ ဖြန့်ကြက်မယ်လို့ ရုရှပြော

လာမယ့်နှစ်နှစ်အတွင်း ဒုံးကျည်သစ်တွေ ဖြန့်ကြက်မယ်လို့ ရုရှပြော
Photo: AFP

မော်စကို၊ ဖေဖော်ဝါရီ ၆ ။       ။ ရုရှနိုင်ငံအနေနဲ့ လာမယ့် နှစ်နှစ်အတွင်းမှာ ဒုံးကျည်စနစ်သစ်တွေကို ဖြန့်ကြက်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဆာဂျေးဆွိုင်ဂူးက ပြောပါတယ်။

ရုရှနဲ့ အမေရိကန် နှစ်နိုင်ငံဟာ စစ်အေးခေတ်က ချုပ်ဆိုထားတဲ့ ဒုံးကျည်ကာကွယ်ရေး ပဋိညာဉ်တစ်ရပ်ကို အပြန်အလှန် နုတ်ထွက်ဖို့ လုပ်ကြတဲ့အချိန်မှာပဲ ရုရှဖက်က အဲဒီလို ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

တာလတ်ပစ်နျူကလီးယားအင်အားစု INF ပဋိညာဉ်ကို ရုရှက ချိုးဖောက်ပြီး ဒုံးကျည်တွေ တည်ဆောက်နေတယ်လို့ အမေရိကန်က စွပ်စွဲပြီး အဲဒီ ပဋိညာဉ်မှာ ပါဝင်နေမှုကို ရပ်ဆိုင်းကြောင်း ကြေညာထားတာပါ။

အဆိုပါ ပဋိညာဉ်ကနေ နုတ်ထွက်ဖို့လည်း လုပ်နေကြောင်း အမေရိကန်ရဲ့ ပြောဆိုမှုကို ရုရှကလည်း အမေရိကန် နည်းတူအတိုင်းပဲ ဒီ ပဋိညာဉ်ကနေ ရုရှ ပါဝင်မှုကို ရပ်ဆိုင်းတယ်လို့ ကြေညာထားတာပါ။

ပဋိညာဉ်ကို ချိုးဖောက်တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို ရုရှက ငြင်းဆန်ပြီး အမေရိကန်နိုင်ငံသာ ဒီလို မစွပ်စွဲခင် နှစ်နှစ်လောက်ကတည်းက တားမြစ်ထားတဲ့ တာလတ်ပစ်ဒုံးကျည်တွေကို ထုတ်လုပ်ဖို့ စက်ရုံတစ်ရုံမှာ ပြင်ဆင်နေခဲ့တယ်ဖြစ်တယ်ဆိုပြီး စက်ရုံရဲ့ ဂြိုဟ်တုဓာတ်ပုံကို ထုတ်ပြန်ပြီး ပြန်လည်စွပ်စွဲထားတာ ဖြစ်ပါတယ်။

အမေရိကန်ကတော့ ရုရှနိုင်ငံဟာ ပဋိညာဉ်ကို ချိုးဖောက်နေတဲ့အတွက် အနောက်အုပ်စုက စိုးရိမ်နေရမှုကို ဖြေရှင်းခြင်းလည်း မရှိကြောင်း၊ တားမြစ်ချက်ကို ဖောက်ဖျက်ပြီး ထုတ်လုပ်ထားတဲ့ ဒုံးကျည်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဖျက်ဆီးဖို့ အချိန်ပေးထားတာကိုလည်း မလိုက်နာကြောင်း ပြောဆိုပြီး ပဋိညာဉ်က နုတ်ထွက်ဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly