ဖခင်အရင်း၏ အဓမ္မပြုကျင့်မှုကိုခံရတဲ့ ကူကယ်ရာမဲ့ မိန်းကလေးငယ်ရဲ့ နောက်ဆက်တွဲအခြေအနေ

ဖခင်အရင်း၏ အဓမ္မပြုကျင့်မှုကိုခံရတဲ့ ကူကယ်ရာမဲ့ မိန်းကလေးငယ်ရဲ့ နောက်ဆက်တွဲအခြေအနေ

ဖခင်အရင်းဖြစ်သူရဲ့ အဓမ္မပြုကျင့်မှုကို လပေါင်းများစွာခံခဲ့ရတယ်လို့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးက မဇ္စျိမသတင်းဌာနကို အင်တာဗျူး ဖြေဆိုပြီးတဲ့နောက်မှာတော့ အဲ့ဒီဒေသမှာ ကွင်းဆင်းစစ်ဆေးမှုဖြစ် ပေါ်ခဲ့ပါတယ်။

 ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က မိန်ကလေးငယ်ဟာ သူ..ကာလကြာရှည် ခံစားခဲ့ရတာတွေကို ရင်ဖွင့်ပြောပြခဲ့တာပါ။ အဲ့ဒီရက် ပိုင်းကစပြီး မဇ္စျိမက မိန်းကလေးငယ်နေထိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်ထဲက သင်ပေါင်းချောင် ကျေးရွာနဲ့ ပတ်သက်ပြီး စူးစမ်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 ပထမပိုင်းမှာတော့ ဖုန်းအဆက်အသွယ်နဲ့ပဲ အဲ့ဒီကျေးရွာက နေထိုင်သူတစ်ချို့ကို စုံစမ်းမေးမြန်းနိုင်ခဲ့ပါတယ်။

 ရွာက ဒေသခံတွေရဲ့ ပြောဆိုချက်အရ မိန်းခလေးငယ်ရဲ့ ဖြစ်စဉ်မှာ မျက်မြင်တွေ့ရတာမရှိဘူးလို့ ပြောခဲ့ကြပြီး ရပ်ကွက်အပြောနဲ့ ကြားမိတယ်လို့လည်း ဖြေဆိုခဲ့ကြပါတယ်။ သည့်နောက်မှာတော့ မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူဟာ မျိုးရိုးလိုက်တဲ့ စိတ်ဝေဒနာခံစားနေရတယ်လို့ ဒေသခံတွေက ထပ်မံပြီး ဖြည့်စွက် ပြောဆိုခဲ့ကြပါတယ်။

 နောက်ဆုံးမှာတော့ မဇ္စျိမမီဒီယာက ဒေးဒရဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ညိုနဲ့ ချိတ်ဆက်ခဲ့ပြီး ကျေးရွာကို သွားရောက်စုံစမ်းနိုင်ဖို့အတွက် စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။

 ဒေါက်တာခင်ညိုက ဒေးဒရဲမြို့နယ် ၊မဲဆန္ဒနယ်အမှတ်(၂)က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်နဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့ပြီး အဲဒီကမှတဆင့် မြို့နယ်အမျိုးရေးရာကော်မတီဥက္ကဋ္ဌ၊ နယ်မြေခံ မြို့နယ်အမှုဆောင်အဖွဲ့နဲ့ ပူးပေါင်းပြီး မိန်းကလေးငယ်ရဲ့ အဓမ္မပြုကျင့်ခံရမှု အမှန်တကယ် ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိကို စစ်ဆေးဖို့အတွက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ သင်ပေါင်းချောင်ကျေးရွာအထိ အရောက်သွားပြီး ကွင်းဆင်း စုံစမ်းခဲ့ကြပါတယ်။

 “ အဲ့ဒီလို စုံစမ်းလိုက်တဲ့အချိန်မှာ ညနေ ၄ နာရီလောက်ကြတော့မှ သူတို့ ကျွန်တော်ဆီကို ဖုန်းလှမ်းဆက် တယ်။ ကျွန်တော်ကလည်း ဒီမှာ မြို့ရဲ့ဖွံ့ဖြိုးမှုကိစ္စတစ်ခုနဲ့ ရွာတစ်ရွာကို ရောက်နေတဲ့အချိန် အဲ့ဒီမှာ ဖုန်းဆက် လိုက်တော့ အစ်ကို ကောင်မလေးကို မေးကြည့်တဲ့အခါကျတော့ ကျိန်းသေဟုတ်တယ်လို့ ပြောတယ်။ အဲ့ဒီလို ဆိုရင် ၅ နာရီခွဲ ၆ နာရီလောက်ကို အဲ့ဒီကကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စာရေးမကို ငါ့ကို လာတွေ့ဖို့ ခေါ်ထားပေးပါ ဆိုပြီးတော့ ကျွန်တော် အဲ့ဒီလိုပြောလိုက်တယ်”လို့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်က မြေပြင်ကွင်းဆင်းဆောင်ရွက်ထားတဲ့အခြေအနေကို ပြောပြ ခဲ့ပါတယ်။

 ညနေပိုင်းမှာတော့ ချိန်းဆိုထားတဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်က သူ့ရဲ့နေအိမ်မှာပဲ သင်ပေါင်းချောင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရပ်ရွာစာရေး၊ မြို့နယ်အမှုဆောင်၊ နယ်မြေတာဝန်ခံတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

 “ တွေ့တဲ့အခါကျတော့ ကဲ ခင်ဗျားတို့ ကျွန်တော်တို့ စုံစမ်းခိုင်းတဲ့ဟာက ကျိန်းသေဖြစ်နေပြီ။ ခင်ဗျားတို့ ဒါ ဘာတွေသိထားသလဲဆိုတော့ အဲ့ဒီအချိန်မှာ သူတို့ကကျွန်တော်ကို အခု ဦးသန်းလွင် လွှတ်လိုက်တဲ့ အချိန် ကျမှာပဲ သူတို့ သိရပါတယ်ဆိုတဲ့စကား သူတို့က ကျွန်တော်ကို ပြောတယ်”လို့ ဦးသန်းလွင်က ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို မေးမြန်းခဲ့မှုအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

 ဖခင်အရင်းရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတဲ့ မိန်းကလေးငယ်လေးဟာ  ရွာကနေထွက်ခွာပြီး ရန်ကုန်မှာ အလုပ် လုပ်ကိုင်ဖို့အတွက် ၂ဝ၁၈၊ ဒီဇင်ဘာ၊ ၆ ရက်နေ့မှာ ရောက်ရှိခဲ့တာပါ။အဆိုပါ မိန်းကလေးဟာ ရန်ကုန်မြို့ လှိုင်မြို့နယ်က တစ်နိုင်တပိုင်ဖွင့်ထားတဲ့ မုန့်ဟင်းခါးဆိုင်တစ်ဆိုင်မှာ တစ်လကို လစာ ကျပ် ၄ သောင်းနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် ရက်ကြာလာတဲ့အချိန်မှာတော့ မိန်းကလေးငယ်က သူ့ရဲ့ဆိုးရွားလှတဲ့ ဖြစ်စဉ်အကြောင်းကို ဆိုင်ပိုင်ရှင်အမျိုးသမီးကို ရင်ဖွင့်ပြောပြခဲ့တာ ဖြစ်ပါတယ်။

 အဲ့ဒီနောက်မှာတော့ မဇ္စျိမနဲ့ ချိတ်ဆက်မိပြီး မိန်းကလေးငယ်က သူ့အဖြစ်ပျက်ကို ရင်ဖွင့်ပြောပြခဲ့တဲ့အပြင် ရွာမှာကျန်ခဲ့တဲ့ သူ့ရဲ့ အသက် ၁၃ နှစ်ဝန်းကျင်ရှိနေပြီဖြစ်တဲ့ ညီမဖြစ်သူကိုလည်း သူ့လိုဖြစ်မှာကို စိုးရိမ်ကြောင်း ထမ်မံပြောပြလာတာ ဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်အမျိုးသမီးကလည်း မိန်းကလေးငယ်ကို ရက်ပေါင်းများစွာ မေးမြန်းထားချက်အရ သူသိထားတဲ့ ဖြစ်စဉ်အပြည့်အစုံကို ပြောပြခဲ့သလို ဒီမိန်းကလေးကို သားသမီးအရင်းလို စောင့်ရှောက်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဖြစ်စဉ်အကျဉ်းကတော့ သူ (မိန်းကလေးငယ်) ရွာမှာနေခဲ့စဉ်က အမေဖြစ်သူဆုံးပါးသွားခဲ့တဲ့နောက် အဖေဖြစ်သူက မန်းကလေးငယ်ရဲ့အစ်မဖြစ်သူကို ပထမဆုံး အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ရပ်ရွာက ဒီကိစ္စကိုသိသွားတဲ့အခါမှာတော့ မိန်းကလေးငယ်ရဲ့ အဖွား (အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အမျိုးသားရဲ့ အမေ)ကို ကျေးရွာလူကြီးတွေက ခေါ်ယူသတိပေးခဲ့ပြီး အဖွားဖြစ်သူဟာ မြေးဖြစ်သူတွေကို စိတ်မချတဲ့အတွက် ကြောင့် သူ့ရဲ့သားအရင်းဖြစ်သူနဲ့ပဲ အိမ်ထောင်ပြုလိုက်တယ်လို့ ဆိုပါတယ်။

 အဲ့ဒီနောက် မိန်းကလေးငယ်ရဲ့ အဖွားဖြစ်သူက လေဖြတ်ပြီး ကွယ်လွန်သွားတဲ့အချိန် အဖေဖြစ်သူက လက်ရှိ အင်တာဗျူးဖြေပေးခဲ့တဲ့ မိန်းကလေးငယ်ကို ဆက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြောပါတယ်။

 အဲ့ဒီအချိန်မှာတော့ အစ်မဖြစ်သူက အိမ်ထောင်ကျသွားပြီး ရွာကနေပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ မိန်းကလေးငယ်ကို အဖေဖြစ်သူက နေ့ရော၊ ညပါအဓမ္မပြုကျင့်ခဲ့တာကြောင့် နောက်ဆုံး စိတ်ညစ်လာတဲ့ အတွက် အိမ်နဲ့ အနီးဆုံးမှာရှိတဲ့ အိမ်နီးနားချင်းအမျိုးသားတစ်ဦးကို အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။

 အဲ့ဒီအမျိုးသားကပဲ ကျေးရွာလူကြီးတွေနဲ့ တိုင်ပင်ပြီး မိန်းကလေးငယ်ကို ရန်ကုန်မှာ အလုပ်လုပ်ကိုင်ဖို့အတွက် သူနဲ့ ဆွေမျိုးမကင်းတဲ့၊ လုံခြုံစိတ်ချရတဲ့ ရန်ကုန်၊ လှိုင်မြို့နယ်က တစ်နိုင်တပိုင်ဖွင့်ထားတဲ့ မုန့်ဟင်းခါးဆိုင်ကို ပို့ခဲ့တာဖြစ်ပါတယ်။

 “ သမီးရယ် အဖေဆီးခုံအောင့်လို့တဲ့ တစ်ခါလောက်ပေးပါလာတဲ့။ ညတိုင်းပဲ။ မနက်ကော၊ ညကော။ ဟိုကိုင် ဒီကိုင်လည်း လုပ်တယ်။ ခြင်ထောင်ထဲ ဝင်ပြီးတော့။ ပြီးရင်ပြန်ထွက်သွားတယ်။ ဦးလေးက ဥက္ကဋ္ဌတိုင်တော့ ဥက္ကဋ္ဌက ပြောတယ်။ ပြောတော့ ဒီကိုပို့တယ်”လို့ ကာယကံရှင် မိန်းကလေးငယ်က ပြောပြခဲ့ပါတယ်။

 ဒီအကြောင်းအပြည့်အစုံကို မဇ္စျိမသတင်းဌာနကနေ ဖော်ပြခဲ့ပြီးတဲ့နောက်  အင်တာဗျူးဖြေပေးခဲ့တဲ့ကိစ္စကို ကျေးရွာကသိသွားပြီး မိန်းကလေးငယ်ကို ရန်ကုန်လာပို့ခဲ့တဲ့ သင်ပေါင်းချောင်ကျေးရွာက အမျိုးသားကပဲ အရှုပ်အရှင်းတွေ ဖြစ်မှာစိုးလို့ဆိုပြီး ဇန်နဝါရီလ ၂၉ ရက်နေ့၊ ညနေပိုင်းမှာ ရွာကို ပြန်ခေါ်သွားခဲ့ပါတယ်။

 မိန်းကလေးငယ်ကို ရန်ကုန်က လာမခေါ်ခင်ရက်ပိုင်းအလိုက  မိန်းကလေးငယ်ကို ရန်ကုန် လာပို့ခဲ့တဲ့ သူနဲ့ မဇ္စျိမက ဖုန်းအဆက်အသွယ်ရခဲ့ပါတယ်။ ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးမြန်းခဲ့ရာမှာတော့ အင်တာဗျူး ရုပ်သံဖိုင်ကြောင့် ရွာသိက္ခာကျတယ်ဆိုပြီး မိန်းကလေးငယ်ကို ရန်ကုန်ပို့ပေးခဲ့တဲ့သူ့ကို တစ်ရွာလုံးက အပြစ် တင်နေကြောင်း၊ သူ့အနေနဲ့ “ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော်နွားမကျောင်းလိုကြောင်း”၊ သူ့အနေနဲ့လည်း အရှက်တကွဲအကျိုးနည်းဖြစ်တဲ့အတွက် အခုကိစ္စမှာ သူမပါဝင်တဲ့အကြောင်း ပြန်လည်ဖြေရှင်းပေးဖို့အတွက် ပြောဆိုခဲ့ပြီး သတင်းရုပ်သံဖိုင်ပါ ဖြုတ်ချပေးဖို့အတွက် ပြောဆိုခဲ့တာတွေရှိပါတယ်။

 “ သူကပဲ အဲ့ဒီကလေးမလေးတွေကို သွားခေါ် အပို့အကြိုလုပ်တာဆိုတော့ ကဲလာပါဦး၊ ထိုင်စမ်းပါဦးဆိုပြီး ခင်ဗျား ဘာသိလဲ၊ ခင်ဗျားဘာလို့ သွားခေါ်ရတာလဲဆိုတော့ သူ့မိဘက ခေါ်ခိုင်းလို့ ကျွန်တော်ကခေါ်တာတဲ့။ ကျွန်တော် ဒီလိုသာသိရင်သွားမခေါ်ဘူးဆိုပြီးတော့ ကျွန်တော်ကို ဒီလိုတွေပြောတယ်” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်ကပြောပါတယ်။

 အခုလို လူမှုပတ်ဝန်းကျင်မှာ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့၊ လူ့ကျင့်ဝတ်ဖောက်ဖျက်တဲ့ အဖေအရင်းဖြစ်သူက သမီးဖြစ်သူကို အဓမ္မပြုကျင့်တယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သင်ပေါင်းချောင်ကျေးရွာက နယ်ခံအုပ်ချုပ်ရေးမှူး ဦးလှဝေကို မေးမြန်းကြည့်တဲ့အခါမှာတော့ ဒီကိစ္စကို မဇ္စျိမကနေ သတင်းတင်လိုက်မှ သိရတာဖြစ်တယ်လို့ ဆိုပါတယ်။

 “ သတင်းဌာနကနေ ရွာက ဦးဇင်းကို လှမ်းပြောတော့ ဦးဇင်းကိုယ်တိုင်လာပြောတော့မှ အဲ့ဒီသတင်းကို အဲ့ဒီမှာ ကြားမိတယ်။ အဲ့ဒါကိုတော့ ခိုင်ခိုင်လုံလုံ မသိဘူး။ မင်းတို့စုံစမ်းပြီးမှ ဒီမြို့နယ်ကလည်း လှမ်းမေးတယ် ပေါ့နော်။ အဲ့ဒါတွေလှမ်းမေးတဲ့အခါကတော့ ဦးက သိမှမသိဘဲ။ ဦးကို တိုင်တန်းခြင်းလည်းမရှိဘူး။ ဦးကို မတိုင်လို့ မြို့နယ်ကို အတင်းတိုင်တာလည်းမရှိတဲ့အခါကျတော့ အဲ့ဒါတွေကတော့ မသိဘူး”လို့ ရွာအုပ်ချုပ်ရေးမှူး ဦးလှဝေ ပြောပါတယ်။

 သည့်နောက် မိန်းကလေးငယ်ရဲ့ အဖေဖြစ်သူကလည်း ကျပ်မပြည့်တဲ့အနေအထားရှိတယ်လို့ ကျေးရွာအုပ်ချုပ် ရေးမှူးက အခုလိုဆက်ပြောခဲ့ပါတယ်။

 “ ဒီအဖေမှ မဟုတ်ဘူး။ သူ့အဖေအစဉ်အဆက်ကတည်းကကို ကျပ်မပြည့်တဲ့ဟာရှိတာကတော့ အမှန်ပဲ။ ဘယ်လိုပြောရမလဲဆိုရင် စီးပွားရေးလည်း ဇောက်ချလုပ်ရမှန်းမသိဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ အလုပ်ကို အတည် သဘောရယ်လည်းမလုပ်ဘူး။ သာရေး၊ နာရေးလေးရှိရင်သွားဝိုင်းလုပ်တယ်။ အဲ့ဒါလေးတွေကြတော့ လုပ်ပေး တယ်။ ကျန်တဲ့ စီးပွားရေးပိုင်းတို့၊ လူမှုရေးပိုင်းတို့ စိတ်တည်တံ့မှု၊ တည်ကြည်မှုမရှိတာကတော့ အမှန်ပဲ”လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဝေက မိန်းကလေးငယ်ရဲ့ ဖခင် အခြေအနေကိုပြောပြပါတယ်။

 အဲ့ဒီရွာမှာနေထိုင်တဲ့ သင်ပေါင်းချောင်ကျေးရွာ အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်သိန်း ကလည်း ဒီကိစ္စကို အခုဆင့် ခေါ်တဲ့အချိန်ကျမှာသာ သိရပြီး အဖေဖြစ်သူအပါအဝင် သားသမီးတွေပါ စိတ်ကျန်းမာရေးချို့ တဲ့နေသူတွေဖြစ် တယ်လို့ သူက ဆိုပါတယ်။

 “ သူတို့လေးတွေရဲ့ ပုံစံကလည်းပေါ့နော်။ သူ့အဖေကလည်း သိပ်ပြီးတော့ ကျပ်မပြည့်ဘူး။ သူ့အမေကလည်း ဘယ်လိုခေါ်မလဲ ဟိုဟာမဖြစ်ဘူးပေါ့နော်။ သူ့တို့စကားကို ဘယ်လိုပြောရမလဲ ယုံကြည်လို့မရဘူးပေါ့။ ဒီအိမ် တွေ့ရင် ဒီအိမ်က ထမင်းတောင်းစားတယ်။ ဟိုအိမ်တွေ့ရင် ဟိုအိမ်တက်စားတယ်။ ဘယ်မှာပဲ အလှူလုပ်လုပ် အဲ့လိုဟာမျိုးတွေ”လို့ ဒေါ်ယဉ်ယဉ်သိန်းကပြောပါတယ်။

 သင်ပေါင်းချောင်ရွာဟာ ဒေးဒရဲမြို့ကနေဆိုရင် ၂ မိုင်ခန့်လောက်ဝေးပါတယ်။ ဆိုင်ကယ်နဲ့သာ သွားလို့ရတဲ့ လမ်းဖြစ်ပြီး ရွာမှာ အများစုကတော့ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြပါတယ်။ ဆိုင်ကယ်ကယ်ရီ မောင်းသူတွေ လည်းရှိပါတယ်။

 အိမ်ခြေ ၂ဝဝ လောက်ရှိတဲ့ သင်ပေါင်းချောင်ကျေးရွာမှာနေထိုင်တဲ့ မိန်းကလေးငယ်ရဲ့ အိမ်ကတော့ ရွာ အစွန်ပိုင်းမှာရှိပါတယ်။ ရွာအတွင်းကနေ ၁ဝ မိနစ်ခန့်အထိ သွားရပြီး လယ်ကွင်းပြင်အနီးမှာ တဲငယ်ပုံစံအိမ်နဲ့ နေထိုင်ကြတာပါ။

 “ ပြောမယ်ဆိုရင် ရွာရဲ့ တောင်ဘက်အဖျားနဲ့ အနောက်ဘက်အစွန်အခြမ်းပေါ့။  အဲ့ဒီလို ရွာထဲကနေ ကွင်းထဲအစွန်မှာ.. ချောင်းစပ်နားမှာ သူတို့က။ အဲ့ဒီလို အနေအထားတွေကကွာတယ်။ ရွာနဲ့ နည်းနည်း လှမ်းတယ်။ လယ်တောစပ်မှာ။ နောက်ဖေးစပ်က ချောင်းပုံစပ်မှာ ”လို့ မိန်းကလေးငယ်တို့ မိသားစုနေထိုင်တဲ့ အခြေအနေကို သင်ပေါင်းချောင်ကျေးရွာ အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ် သိန်းက ပြောပြပါတယ်။

 အဲ့ဒီရွာမှာ နေထိုင်သူတစ်ချို့ကို မဇ္စျိမအနေနဲ့ အလွတ်သဘောမေးမြန်းကြည့်တဲ့အခါမှာတော့ ရွာမှာ ၆ နှစ်ခန့် နေထိုင်ပြီး ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးနဲ့ ရွာခံတစ်ဦးကတော့ “မိန်းကလေးငယ်ရဲ့ အဖေဖြစ်သူက ပုံမှန်စိတ်ထားမဟုတ်ပေမယ့် သာရေး၊ နာရေးတွေမှာ ပါဝင်လုပ်ဆောင်သူဖြစ်ကြောင်း၊  အိမ်ထောင် နှစ်ဆက်ကျခဲ့ပြီး ပထမဇနီးက ကွယ်လွန်ခဲ့တဲ့ပြီး ဒုတိယဇနီးဖြစ်သူက စွန့်ခွာသွားခဲ့တယ်” လို့ ဆိုပါတယ်။

 ဆက်လက်ပြီး မိန်းကလေးငယ်ရဲ့ အဖေဖြစ်သူက ဆန့်ကျင်ဖက်လိင်နဲ့ ပတ်သက်လို့ တပ်မက်စိတ်များပြီး  ကျူးလွန် တာ ဖြစ်နိုင်တယ်လို့ ပြောပြပါတယ်။ဒါအပြင် မိန်းကလေးငယ်ရဲ့ မိသားစု နေထိုင်တာကလည်း ရွာနဲ့ဝေးပြီး ဆွေးမျိုးနီးစပ်တော်သူတွေကအစ စိတ်မနှံ့တဲ့မိသားစုဆိုပြီး ဖယ်ကြဉ်ထားတာတွေရှိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စတွေကိုတော့ ကလေးငယ်တွေကို ကယ်တင်ချင်လို့ ပြောပြတာဖြစ်တယ်လို့ အမည် မဖော်လိုတဲ့ ဒေသခံနဲ့ ဆိုင်ကယ်ကယ်ရီသမားက ပြောပါတယ်။

 သင်ပေါင်းချောင်ကျေးရွာမှာ လုပ်ငန်းရှိလို့ သွားလာဆက်ဆံမှုရှိတဲ့ ဒေးဒရဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးရွှေမြင့်ကတော့ မိန်းကလေးငယ်တို့မိသားစုဟာ အဘက်ဘက်က နိမ့်ကျနေတဲ့ အတွက်ကြောင့် အဓမ္မပြုကျင့်ခံနေရတယ်ဆိုတဲ့အနေအထားကို  လူ့ပတ်ဝန်းကျင်က မသိကျိုးကျွံ ပြုနေတာဖြစ်တယ်လို့ သူ့ရဲ့ ယူဆချက်ကို ပြောပါတယ်။

 “ ဒါတောင်မှာ ကာယကံရှင်ကလေးငယ်တွေ ပြောပြလို့ သိရတဲ့အနေအထား။ ပထမပိုင်းက မသိရဘူးဆိုတာ ကလည်း ဘာကြောင့်လဲဆိုတော့ ကလေးတွေက အားလုံးသော အရာမှာ အားနည်းခဲ့တယ်လေ။ ငွေကြေးရော၊ အသိုင်းအဝိုင်းရော၊ ပညာရော အားနည်းခဲ့ကြတာတော့ ဒါကို မသိကျိုးကျွန်ပြုတာလည်းပါတယ်။ နောက်ဆုံး ပြောရရင် ကလေးတွေရဲ့ အနေအထားက ဒီလိုအားနည်းတဲ့အခါကျတော့ ဘာပဲပြောပြော ဂရုမစိုက်ချင်ကြ တာပေါ့။ တိုတိုရှင်းရှင်းပြောရရင် ဂရုမစိုက်ချင်ကြတာပေါ့။ အဲ့ဒီလိုအနေအထားမျိုးတွေရှိတဲ့အခါကျတော့ တဖြည်းဖြည်းကြာလာတဲ့အခါ ဖြစ်တာက အရင်က၊ သိရတာက နောက်မှ ဆိုတာမျိုးဖြစ်သွားတာပေါ့”လို့ ဦးရွှေမြင့်က ပြောပါတယ်။

 ယခု ဖြစ်စဉ်မှာပါဝင်နေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ဟာ  မိခင်ဖြစ်သူ ကွယ်လွန်သွားပြီမို့ ဖခင်နဲ့အတူ နေထိုင်ရပြီး အသက် ၁၃ နှစ်အရွယ် ညီမတစ်ယောက်၊ အသက် ၈ နှစ်ခန့်ရှိတဲ့ မောင်တစ်ယောက် တို့နဲ့အတူ နေထိုင်ရတာပါ။

 လက်ရှိမှာတော့ မိန်းကလေးငယ်တို့ကို ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနက ခေါ်ယူစောင့်ရှောက်ဖို့အတွက် ပြောဆိုခဲ့ပေမယ့် မိန်းကလေးငယ်က သူ့ရဲ့ ညီမ၊ မောင်ဖြစ်သူနဲ့ပဲ ရွာမှ လုပ်ကိုင်စားသောက်ချင်တယ်လို့ သူ့ ဆန္ဒကို ပြောပြခဲ့ပါတယ်။

 ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်က ဒေးဒရဲမြို့မရဲစခန်းက တာဝန်ရှိသူကို အကြောင်းကြားအသိပေးခဲ့တာကြောင့် ရဲတပ်ဖွဲ့က မိန်းကလေးငယ်ရဲ့ အဖေဖြစ်သူကို ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်းမှာ ခေါ်ယူထိန်းသိမ်းထားခဲ့ပေမယ့်လည်း ရပ်ရွာဘက်ကနေ တရားလိုလုပ် အမှုဖွင့်မယ့်သူ မရှိတဲ့ အတွက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ ပြန်လွှတ်ပေးလိုက်ရပါတယ်။

 “ တရားလိုမရှိဘူးဆိုတာထက် အမှုဖွင့်လောက်တဲ့ ခိုင်လုံတဲ့ အကြောင်းတရားမပေါ်ပေါက်ဘူးလို့ပဲ ကျွန်တော် တို့သုံးသပ်ပါတယ်”လို့ မြေပြင်ကွင်းဆင်းရာမှာ ပါဝင်ခဲ့တဲ့ ဒေးဒရဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးဇေယျာမြင့်က ပြောပါတယ်။

 မိန်းကလေးငယ်က  သူ့ရဲ့ဖြစ်စဉ်ကို မဇ္စျိမနဲ့ ရန်ကုန်မှာ တွေ့ဆုံစဉ်က တစ်ကြိမ်၊ ဒေးဒရဲ NLD ရုံးမှာ တစ်ကြိမ်၊ ဒေးဒရဲ ရဲစခန်းမှာ တစ်ကြိမ်အပါအဝင် စုစုပေါင်း ၃ ကြိမ်တိတိ ဖြေဆိုခဲ့ပြီး ဟုတ်မှန်ကြောင်း အခိုင်အမာ ပြောခဲ့ပါတယ်။

 ဒီလို ပြောဆိုခဲ့ပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် မိန်းကလေးငယ်ရဲ့ ဦးလေးတော်စပ်သူ၊ အဲ့ဒီ ကျေးရွာမှာနေထိုင်တဲ့ အမျိုးသမီးလုပ်ငန်းကော်မတီအဖွဲ့ဝင်တွေကို တရားလိုလုပ် အမှုဖွင့်ဖို့အတွက် ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပေမယ့်  ဒီအဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး မြင်တာ၊ ကြားတာမရှိတာကြောင့် တရားလိုလုပ်အမှု မဖွင့်နိုင် ကြောင်း၊ မိန်းကလေးငယ်ရဲ့ ပြောပြချက်တစ်ခုတည်းကို ယုံပြီး သူတစ်ပါးမိသားစုကို မထိခိုက်စေချင်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

 ဒါကြောင့် မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူကို ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး မိန်းကလေးငယ်အတွက် ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနကတော့ အဲ့ဒီ ညပိုင်းမှာပဲ ထောက်ပံ့ပစ္စည်းတွေ ပေးခဲ့ပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကတော့ အမျိုးသမီးအဖွဲ့ တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကပူးပေါင်းပြီး ကာယကံရှင်ဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်က ကိုယ်တိုင်တရားလိုလုပ်ပြီး ဖခင်ဖြစ်သူကို အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

 ဇန်နဝါရီလ ၅ ရက်နေ့၊ ညနေ ၆ နာရီခန့်မှာတော့ မဇ္စျိမမီဒီယာရဲ့ ဆက်သွယ်မေးမြန်းချက်အရတော့ ရဲတပ်ဖွဲ့က မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူကို ဖမ်းဆီးရမိသေးခြင်းမရှိသေးပါဘူး။ တရားလိုဖြစ်တဲ့ မိန်းကလေးငယ်ကတော့ ဒေးဒရဲမြို့နယ် တရားရုံးမှာ ဖြောင့်ချက်ပေးခဲ့တယ်လို့ သိရပါတယ်။

 လက်ရှိမှာတော့ မိန်းကလေးအပါအဝင် ကလေးငယ် ၃ ဦးကိုတော့ ရွာမှာ ဆက်မထားတော့ဘဲ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦး စီးဌာနက စောင့်ရှောက်ဖို့အတွက်ကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကို Mizzima သတင်းဌာနကနေ ဆက်လက်စောင့်ကြည့် တင်ပြသွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly