အိုင်အက်စ်လက်က အလွတ်ပြေးပေမယ့် အသက်ဘေးက မလွတ်ခဲ့ကြတဲ့ ဆီးရီးယားအရှေ့ပိုင်းက အရပ်သားများ

အိုင်အက်စ်လက်က အလွတ်ပြေးပေမယ့် အသက်ဘေးက မလွတ်ခဲ့ကြတဲ့ ဆီးရီးယားအရှေ့ပိုင်းက အရပ်သားများ

ဒမတ်စကပ်၊ ဖေဖော်ဝါရီ ၅ ။              ။ အသက် ၆၀ ရှိတဲ့ အဘွားအို အူမာရာအဘတ်စ်ဟာ ဆီးရီးယားအရှေ့ပိုင်းမှာ ဂျီဟတ်ဝါဒီ အိုင်အက်စ်တွေ လက်အောက်ကနေ သူရယ်၊ သူမိသားစုရယ်ဟာ အလွတ်ပြေးလာခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန် ကျောထောက်နောက်ခံပြုတဲ့ တပ်ဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေဆီ မရောက်ခင်မှာပဲ သူ့သား၊ သူ့သမီးနဲ့ သူ့ မြေးတွေအားလုံး ဖိတ်စင်ပြီး လက်လွတ်ဆုံးရှုံးလိုက်ရရှာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ အူမာရာတို့လိုပဲ ထောင်ပေါင်းများစွာသော ဆီးရီးယားအရပ်သားတွေဟာ အီရတ်နယ်စပ်နားက အိုင်အက်စ်ထိန်းချုပ်ရာ နောက်ဆုံးနယ်မြေကနေ ထွက်ပြေးလာကြပြီး အမေရိကန် နောက်ခံပြုတဲ့ တပ်ဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေဆီ ဒုက္ခသည်အဖြစ် ခိုလှုံဖို့ ကြိုးစားကြပါတယ်။

“ကျွန်မတို့ အသက်ဘေးကနေ လွတ်အောင် ပြေးလာကြပေမယ့် ဒီလို ပြေးလာတဲ့ ခရီးမှာပဲ ကျွန်မတို့ဟာ သေခြင်းတရားနဲ့ ပက်ပင်းကြုံရပါတယ်။”လို့ အီရတ်က အန်ဘာပြည်နယ် ဇာတိသူဖြစ်တဲ့ အူမာရာက ဆိုပါတယ်။

အမေရိကန် ကျောထောက်နောက်ခံပြုတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF တွေ ထိန်းချုပ်ရာနယ်မြေဆီ ပြေးလွှားလာရောက် ခိုလှုံတဲ့ ခရီးစဉ်အကြောင်းကို ပြန်ပြောနိုင်တဲ့ အနည်းငယ်သော လူတွေမှာ အူမာရာတစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဒီလို ထွက်ပြေးလာတဲ့ သူတွေမှာ အများစုဟာ ဗုံးပေါက်ကွဲမှု ထိမှန်ပြီး သေဆုံးဒဏ်ရာရကြပါတယ်။ အဲဒီ ဗုံးတိုက်ခိုက်မှုဟာ ဘယ်အရပ်က ကျမှန်ပေါက်ကွဲတယ်ဆိုတာကိုတော့ အူမာရာအပါအဝင် အသက်ဘေး လွတ်မြောက်လာသူတွေကိုယ်တိုင် မမှန်းဆနိုင်ပါဘူး။

“ကျွန်မတို့ဟာ ကိုယ်ပိုင်တဲ့ ပစ္စည်းတွေ သယ်ပြီး ပြေးလာတဲ့လမ်းမှာ မော်တာကျည် ပေါက်ကွဲ ထိမှန်တာပါ။ ကျွန်မသား နေရာမှာတင် သေသွားရတယ်။”လို့ ၎င်းက ပြောပါတယ်။

သမီးဖြစ်သူက ဗုံးစထိမှန်ပြီး ဒဏ်ရာရခဲ့တာလို့ အူမာရာက ပြောပါတယ်။

SDF တွေရဲ့ ထိန်းချုပ်နယ်မြေကို အရောက်မှာ ထရပ်ကားတစ်စီးနောက်မှာ အဘွားအူမာရာဟာ ဖခင်ဖြစ်ူ လောလောလတ်လတ် သေဆုံးထားတဲ့ နှစ်နှစ်သား မြေးငယ်ကို ပြုစုနေပါတယ်။ ကားထဲမှာတော့ ဆေးဝါးကုသမှု မခံရရှာပဲ ဗုံးဆန်မှန်လို့ သေဆုံးတဲ့ သူ့သမီးရဲ့ အလောင်း ရှိနေပါတယ်။

“တော်တော်များများ သေဆုံးကြရတယ်။ သေဆုံးသူတွေအတွက် ငိုတောင် မငိုနိုင်ကြတော့ဘူး။”လို့ အူမာရာက ပြောရင်း ပါးပြင်ပေါ် မျက်ရည်စတွေ စီးကျလာပါတယ်။

ထိန်းချုပ်နယ်မြေထဲ အသက်မဲ့ ခန္ဓာကိုယ်နဲ့ ရောက်လာတဲ့ အရပ်သား ရုပ်အလောင်းတွေကို အနီးနေရာမှာပဲ SDF တပ်သားတွေက မြေမြုပ်ပေးလိုက်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required