မြန်မာပြည် မြောက်ဖျား - အပိုင်း ( ၉ )နိဂုံးပိုင်း

မြန်မာပြည် မြောက်ဖျား - အပိုင်း ( ၉ )နိဂုံးပိုင်း

{ မြစ်ဆုံစီမံကိန်းအား လေ့လာခြင်း}

ပွင်းလင်းမြင်သာမှုဆိုတာက တစ်ချို့နေရာတွေမှာစကားတစ်ခွန်းလောက်ပြောရင် လုံလောက်ပေမယ့် တချို့နေရာတွေမှာ အချိန်ယူပြီး ရှင်းပြရတာတွေ၊ တချို့အရေးကြီးတဲ့ ကိစ္စတွေဆိုရင် အချိန်ယူရတဲ့အပြင် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဆောင်ရွက်ရတာတွေကို လုပ်ဆောင်ရပါတယ်။ မြစ်ဆုံအရေးကတော့ နိုင်ငံတကာက အာရုံစိုက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေရဲ့ အနာဂတ် အကောင်း အဆိုးတွေအပေါ် မူတည်နေလို့ အချိန်ယူပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ် ။

မြစ်ဆုံအရေးကို တိုတိုတုတ်တုတ် သုံးသပ်မယ်ဆိုရင်တောင်  (၁) မြစ်ဆုံစီမံကိန်းကို အာဏာသိမ်းအစိုးရက တရုတ်ပြည်နဲ့ ပူးပေါင်းကာ စာချုပ် ချုပ်ဆို အကောင်အထည်ဖော်ခဲ့ခြင်း။ (၂) ထိုသိုဆောင်ရွက် အကောင်အထည်ဖော်တဲ့အခါ နိုင်ငံသားပြည်သူလူထုကို အသိမပေး၊ ပွင့်လင်းမြင်သာမှုမရှိပဲ အမိန့်အာဏာဖြင့် ဆောင်ရွက်ခြင်း။ (၃) ၂၀၁၀ နောက်ပိုင်း ပွင့်လင်းလာသော ခေတ်နှင့်လျှော်ညီစွာ ဒေသခံများနှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်သူများမှ ကန့်ကွက်မှုများမှတစ်ဆင့် နိုင်ငံနှင့်အဝှမ်း ဆန့်ကျင်ကန့်ကွက်လာတာကြောင့် မြစ်ဆုံစီမံကိန်းအား မဖြစ်မနေ ရပ်ဆဲလိုက်ခြင်း စတဲ့ အချက်တွေဟာ မြင်သာတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ခုချိန်မှာတော့ မြစ်ဆုံအရေးဟာ တဖြေးဖြေး နိုင်ငံရေးကစားကွင်း ဖြစ်မှန်းမသိ ဖြစ်လာတာကိုလည်း တွေ့ရှိလာပါတော့တယ် ။ 

ထိုမြစ်ဆုံနိုင်ငံရေးကစားကွင်းတွင် ဝင်ရောက်ကစားကြမည့် ပလေယာ ကစားသူများကြောင့် မြန်မာပြည်သူ လူထုများ အတွေးမှား အရွေးမှားမည်ကို ကျွန်တော်အပါအဝင် ဒီမိုကရေစီရေးကြိုးပန်းသူများမှာ စိုးရိမ်တကြီးအခြေအနေဟု သုံးသပ်ရပါတယ် ။ အကြမ်းဖျဉ်းပြောမည်ဆိုပါက  ဘယ်ပါတီမဆို ဘယ်အဖွဲ့စည်းမဆို မြစ်ဆုံစီမံကိန်းကို လုပ်ပါမည်လို့ ပြောကြမှာမဟုတ်ပါ။ မြစ်ဆုံစီမံကိန်းကို ရပ်ပစ်မယ် ဆိုပြီးတော့သာ မဲရရှိရေးကို လုပ်ဆောင်ကြမှာဖြစ်ပါတယ် ။ လက်ရှိ NLD အစိုးရမှာ လောလောဆယ်တွင် မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ပစ်လို့ မရတဲ့ အခြေအနေမှာရှိနေတာ တွေ့နေရပါတယ် ။ သံခင်းတမန်ခင်း အခြေအနေရှိတဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တာကတစ်ကြောင်း၊ တရုတ်ရဲ့ အကျိုးစီးပွားတွေက မြန်မာနိုင်ငံမှာ အရင်အစိုးရ လက်ထက်ကတည်းက ခုထိ အများဆုံးဖြစ်နေတာကတစ်ကြောင်း၊ လက်မည်းကြီးတွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်တိုင်က မြစ်ဆုံစာချုပ်ကို မြန်မာပြည်သူကို မချပြပါနဲ့ဦးလို့  မေတ္တာရပ်ခံထားလို့ရော မဖြစ်နိုင်ဘူးလား . . . . . . . . . .လား။

ဘာပဲဖြစ်ဖြစ်ပါ NLD အစိုးရကတော့ အများပြည်သူ သဘောမတူတဲ့ ကိစ္စဟူသမျှ ဘာကိုမှ လုပ်မှာမဟုတ်ပါဘူး ဆိုတာ ကျွန်တော့ အတွေ့အကြုံအရ ပြောနိုင်ပါတယ်။

NLD ခေါင်းဆောင်တချို့ ၊ နိုင်ငံရေးသမားတချို့၊ပညာရှင်တစ်ချို့နှင့် ပြည်သူလူထုတစ်ချို့ကတော့ ဧရာဝတီမြစ် မြစ်ဖျားခံရာ မြစ်ဆုံနေရာမှာ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ သဘောတူတာကိုတွေ့ရပါတယ်။ ဘယ်လိုအခြေခံအကြောင်းတရားတွေကို နားလည်တွက်ချက်ပြီး လက်ခံရသလည်းဆိုတာကို လေ့လာကြည့်တဲ့အခါမှာတော့ . . .

ယခုခေတ်ဟာ နည်းပညာခေတ်ဖြစ်ပါတယ်၊ နည်းပညာခေတ်မှာ ဉာဏ်ရည်ဉာဏ်သွေးအားဖြင့် လူသားတွေ သည် မနိမ့်ကြောင်းယခုခေတ်တွင် သုံးနေကျ ကွန်ပျူတာအပါအဝင် နာနိုနည်းပညာ ထွန်းကားလာရာ လူတစ်ဦးစီ၌ လက်ကိုင်ဖုန်းများပင်လျင် ကွန်ပျူတာတစ်လုံးလိုပင် လုပ်ဆောင်နိုင်ကြောင်းမှာ ထင်ရှားလှပါတယ်။ ဆည်တည်ဆောက်ရာ၌ ခေတ်လွန်နည်းပညာများ ပေါကြွယ်ဝသော အမေရိကန်ပြည်ထောင်စုနှင့် တစ်ခြားနိုင်ငံများ အကူအညီဖြင့်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သောနိုင်ငံတကာပညာရှင်များနှင့် လည်းကောင်းအကူအညီရယူ၍ တိုင်းတာတွက်ချက်ပြီး စီမံမှုများ ပြုလုပ်လျင် ။ နိုင်ငံတကာ၌ ဆည်တာတမံပိတ်ရာတွင် ဆိုးကျိုးများဖြစ်တတ်သော ဂေဟစနစ်ကိုလည်း ဆည်မဆောက်ခင် ရေလွှမ်းဧရိယာများရှိသစ်ပင်၊ တိရစ္ဆာန်များနှင့် အခြားမျိုးစိတ်ပေါင်းများစွာတို့ကို အခြားတစ်နေရာတွင် မွေးမြူဖန်တီးထားပြီး ဆည်တည်ဆောက်ပြီး၍ ရေလွှမ်းသွားသောအခါတွင် ထိုသစ်ပင်များ၊ တိရစ္ဆာန်များ၊ မျိုးစိတ်များကိုသင့်တော်သည့်နေရာတွင် ပြန်လည်ရှင်သန်ခြင်းအားဖြင့် လုပ်ဆောင်၍ရပါတယ်။ ဆိုလိုချင်တာ က မူလသဘာဝ အတိုင်းမရှိတော့ပေမယ့် သဘာဝအတိုင်းလိုတော့ ပြန်ရှိနေမှာ ဖြစ်ပါတယ်၊ စွမ်းဆောင်နိုင်ရင် စွမ်းဆောင်နိုင်သလောက် မူလသဘာဝထက်ပင် ကောင်းမွန်အောင် ပြုပြင်စီရင်နိုင်ပါသေးတယ်။စာချုပ်ပါ အချက်အလက်များကို ပြင်ဆင်ပြီး ရှုထောင့်မျိုးစုံက ဆင်ခြင်သုံးသပ်ကာ  သဘောတူတာကိုတွေ့ရပါတယ်။ ခြုံပြောရရင် တိုင်းပြည်တိုးတက်ရေး မျက်နှာစာကနေ သဘောတူ တာပဲ ဖြစ်ပါတယ်။

ဆရာကြီးတစ်ယောက်ပြောတာက နိုင်းမြစ်လို လုပ်မှာလား သူရောက်ဖူးခဲ့တဲ့ နိုင်းမြစ်အကြောင်းပြောပြတယ် ။ နိုင်းမြစ်က Aswan ဆည်အကြောင်းပြောပြတယ် ။ သူတို့ဆီမှာ သမိုင်းဝင်နိုင်းမြစ်ကြီးကို ဒီအတိုင်း ထားမှာလား ပျက်ဆီးနေတာကို ထိုင်ကြည့်နေမှာလား ။ ပြုပြင်မယ်ဆို ဘယ်လိုလုပ်ကြမှာလည်း ဟုတ်ပြီ နိုင်းမြစ်ကြီးကို ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်းဗိသုကာပညာရှင်ကြီးတွေ ။ အင်ဂျင်နီယာကြီးတွေ ရေအားလျပ်စစ် ကျွမ်းကျင်သူတွေ သဘာဝပတ်ဝန်းကျင်ကျွမ်းကျင်သူတွေ စတဲ့ ပညာရှင်များနဲ့တိုင်ပင်ပြီး ဆိုင်ရာပညာရှင်များ က သူတို့ရဲ့ အနုပညာဆန်စွာ ဖန်တီးလုပ်ဆောင်ကြလို့ နိုင်းမြစ်ကြီးဟာ နဂိုထက်ပိုမိုလှပပြီး ကမ္ဘာပေါ်မှာ နာမည်ကြီး မြစ်ကြီးတစ်ခုအဖြစ် ထင်ရှားနေတာကို google မှာ ဝင်ကြည့်နိုင်ပါတယ် ။ ရှေးဟောင်းနတ်ရုပ်တွေ၊  ပရမစ်တွေ ၊ စဖင့်တွေ စတဲ့ ရှေးဟောင်းသဘာဝ အဆောက်အဦတွေလည်း မပျက်မစီး ။ သဘာဝပတ်ဝန်းကျင်ကလည်းပဲ နဂိုထက် သာသာယာယာ ။ နိုင်ငံတကာ ခရီးသွားအဖွဲ့တွေကြောင့် ပိုက်ဆံတွေရ၊ လျပ်စစ်မီးတွေလည်း ထိန်ထိန်သာ ။ ကျနော်တို့စိတ်ကူးယဉ်တွေထဲက အတိုင်းကို ဖြစ်နေတာပေါ့။ ကျနော်တို့မှာတော့ စိတ်ကလေးကိုပဲ ကူးပြီးတော့ ယဉ်သကိုဆိုသလိုပဲ လုပ်နိုင်ကြပြီး နောင်လာ နောင်သားတွေကို အဲဒါကိုပဲ လက်ဆင့်ကမ်းနိုင်မှာပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့ဧရာဝတီကို အဲဒီလို နိုင်းမြစ်ကြီးလိုလုပ်ချင်တာပေါ့ဗျာ ၊ ကျနော် လေ့လာရသလောက် ခုဆိုမြစ်ဆုံ အကြောင်းပဲပြောနေကြတယ် ဆည်အကြောင်းပဲပြောနေကြပြီး  ဧရာဝတီအကြောင်းတော့ မပြောကြဘူး ။ဧရာဝတီမြစ်ကြီးကို သန့်ရှင်းသွားအောင် ငါတို့တွေ အမှိုက်မပစ်ကြတော့ဘူး။ မြစ်အတွင်းမှာရှိနေတဲ့ အမှိုက်တွေကို လိုက်ကောက်ကြမယ်၊ မိုးများတဲ့အခါ မြစ်ရေမတိုက်စားရအောင် ကမ်းပါးတွေမပြိုအောင် မြစ်ကြီး ကျယ်ပြန့်ကားမထွက်လာအောင် အရင်တုန်းကလို သာသာယာယာဖြစ်အောင် လုပ်ဆောင်ကြဖို့တော့ ကျယ်ကျယ်လောင်လောင် ပြောကြဆိုကြတာတွေ သိပ်မကြားရပါဘူး။ မြန်မာပြည် မြောက်ဖျားကစလို့ ဟိုးအောက်ဖက် ပင်လယ်ထဲကိုစီးဝင်သွားတဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက စလို့ ဒီနေ့ထိ မပြတ်စီးဆင်းနေတဲ့ သမိုင်းဝင် သမိုင်းတွင်တဲ့ ဧရာဝတီအကြောင်းကိုတော့ မပြောကြဘူး။

မြစ်ဆုံဆိုတာနဲ့ ဧရာဝတီပါလာပါပြီ   ဧရာဝတီခန္ဓာနဲ့ မြစ်ဆုံနှလုံးသားဆိုတာ ဘယ်လိုမှ ခွဲမရဘူးပဲဖြစ်ပါတယ်။ ကျွန်တော် မြစ်ဆုံစီမံကိန်းတာဝန်ခံနဲ့ တွေ့တော့ ကျွန်တော်ပြောတဲ့ စကားတစ်ခွန်းရှိပါတယ်။ ခုမြစ်ဆုံစီမံကိန်းဟာ မြန်မာ့နိုင်ငံရေးဖြစ်နေပြီ ဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးထက် မြစ်ဆုံအရေးဟာ ကျယ်ပြန့်လာနေကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဟာလည်း ကိုယ့်တိုင်းပြည်အရေးဖြစ်လို့ ကိုယ့်ဘာသာကိုယ် ငြိမ်းချမ်းရေးရအောင်ကြိုးစားနေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာက ၀ိုင်းဝန်းကူညီပေးရုံကလွဲလို့ ဘာမှလုပ်ပေးလို့မရကြောင်း၊ မြစ်ဆုံအရေးဟာ ရော်ကြေးပေးပြီး ငွေနဲ့ဖြေရှင်းလို့ ရကြောင်း၊ ငြိမ်းချမ်းရေးဟာ ရော်ကြေးပေးလို့ မရကြောင်း၊ ငွေနဲ့ဖြေရှင်းလို့ မရကြောင်း . . ပြောလိုက်တော့ သူတို့လည်း ကျွန်တော်ကို ဒါလည်းဟုတ်တာပဲ. .တဲ့ ။    ။ ( စာတွေများမှာကြောင့် ချုံ့၍ ရေးရခြင်းအပေါ် နားလည်ပေးပါရန်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly