ဘီယာသောက်ချင်သည်ဟု ပြောဆိုကာ ကားခိုးခဲ့သည့် ခရီးသည်ကို ဖမ်းဆီး

ဘီယာသောက်ချင်သည်ဟု ပြောဆိုကာ ကားခိုးခဲ့သည့် ခရီးသည်ကို ဖမ်းဆီး
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဇန်နဝါရီလ ၄ ။        ။ ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်တွင် ခရီးသည်တစ်ဦးမှ အငှားကားကို ငှားစီးပြီး ဘီယာ သောက်ချင်သည် ဟု ပြောဆိုကာ ကားကို ခိုးယူမောင်းနှင်ထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ ၃ ရက်၊ ည ၇ နာရီ ၄၇ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၇) ရပ်ကွက်တွင်နေထိုင်သော  ဦးဂျက်ကိုကိုစိုး(၂၅)နှစ်သည် ၎င်းပိုင် CC/×××× Probox ခဲရောင် အငှားယာဉ် အား သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းအတိုင်း မောင်းနှင်လာစဉ် သုမင်္ဂလာလမ်းပေါ်၌ အမည်မသိ အမျိုးသားတစ်ဦးမှ ဥက္ကလာဘုရားသို့ လိုက်ပို့ရန်ကားငှားသဖြင့် လိုက်ပို့ခဲ့ကြောင်းသိရသည်။

ထို့နောက် တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်ရှိ Great Royal ဘီယာဆိုင်ရှေ့တွင် ခရီးသည်မှ ဘီယာ သောက်ချင်သည်ဟု ပြော၍ အဆိုပါဆိုင်၌ ခရီးသည်နှင့်အတူ ဘီယာသောက်နေစဉ် ခရီးသည်မှ စားပွဲပေါ် တင်ထားသည့် ကားသော့အား ကောက်ယူ၍ ဆိုင်ရှေ့လမ်းမပေါ်တွင် ရပ်ထားသော ကားအား ခိုးယူမောင်းနှင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အငှားယာဉ် အခိုးခံရမှုအတွက် အရေးယူပေးရန်တိုင်တန်းချက်အရ တောင်ဥက္ကလာပမြို့မ ရဲစခန်း တွင် (ပ)၁၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ကား)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ထို့နောက် အဆိုပါအမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ရဲစခန်းများဖြင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၄ရက် နံနက် ၂ နာရီ ၅ မိနစ်အချိန်တွင် လှည့်ကင်းဆောင်ရွက်နေသည့် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်း ဦးစီးသော လှည့်ကင်းတပ်ဖွဲ့ဝင်များက ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းမပေါ်တွင် သက်သေခံ CC/×××× Probox ယာဉ်နှင့် ခိုးယူသွားသူ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်နေ ဇော်မျိုးထွန်း (၂၈)နှစ်အား တွေ့ရှိ၍ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly