တပ်မတော်သားများအနေဖြင့် အရက်၊ ဆေးလိပ်၊ကွမ်းစားသုံးမှုများနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများကို ရှောင်ကြဉ်ရန် တပ်ချုပ် မှာကြား

တပ်မတော်သားများအနေဖြင့် အရက်၊ ဆေးလိပ်၊ကွမ်းစားသုံးမှုများနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများကို ရှောင်ကြဉ်ရန် တပ်ချုပ် မှာကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ။            ။ တပ်မတော်သားများအနေဖြင့် မိမိတို့၏ကျန်းမာရေးကို ထိခိုက်စေပြီး ငွေကုန်ကြေးကျများသည့် အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံးမှုများနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများကို ရှောင်ကြဉ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၃ ရက် နေ့လယ်ပိုင်း တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တနိုင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးအချိန်မှစ၍ ခေတ်အဆက်ဆက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာကဏ္ဍများအား ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ချိန်တွင် ပြည်ပနိုင်ငံများမှ ပိတ်ဆို့မှုအမျိုးမျိုးရှိခဲ့သဖြင့် အခက်အခဲများ ရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ရေးဆွဲပြဋ္ဌာန်းပြီး ပြည်သူများမှ လိုလား သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် တည်ဆောက်ပေးခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ရွေး ကောက်ခံ အစိုးရထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်အား လုံခြုံရေးအရ တည်ငြိမ် အေးချမ်းရေး၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် ပါဝင်ပူးပေါင်း ဆောင် ရွက်ပေးလျက်ရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စနစ်တကျ ဖြစ်စေရန်အတွက်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ရမည်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

ထို့အပြင် တပ်မတော်သည် ဒေသခံပြည်သူများအပေါ် သဘာဝ ဘေးအန္တရာယ်များ ကျရောက်ပါက တပ်မ တော်သားများအနေဖြင့် အထက်အမိန့်အား စောင့်ရန်မလိုဘဲ အချိန်မရွေးကူညီဆောင်ရွက် ပေးကြရန်၊ နိုင်ငံ တော်၏ ကာကွယ်ရေးကဏ္ဍအတွက် အရေးပါသည့်အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် တပ်မတော်သားများ အနေဖြင့် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက် အပြန်အလှန်ရိုသေ လေးစားမှုများနှင့် စစ်သားကောင်းစိတ်မွေးမြူပြီး အားလုံးစည်းစည်း လုံးလုံးဖြင့်နေထိုင်ကြရန်လိုကြောင်း တပ်ချုပ်က မှားကြား ခဲ့သည်။

အမိန့်များနှင့် ပတ်သက်၍ တည်မြဲအမိန့်နှင့် တိုက်တွန်းချက်တားမြစ်ချက်များအားလိုက်နာဆောင်ရွက်ပြီး မိမိတို့ ကျင့်သုံးရမည့် ကျင့်ဝတ်ခြောက်ဆယ်ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ထိုသို့လိုက်နာ ဆောင် ရွက်ခြင်းဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည်။

ထို့ပြင် စစ်ရေးစွမ်းရည် ကောင်းမွန် စေရန်အတွက် သက်ဆိုင်ရာတပ်၊ ဌာနချုပ်များအလိုက် အမြဲမပြတ်လေ့ကျင့် နေရမည်ဖြစ်သလို မိမိ ဆောင်ရွက်ရမည့် နေ့စဉ်လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်နှင့် ကျေပွန်စွာ ထမ်း ဆောင်ကြရန်လိုကြောင်း၊ တပ်မတော်၏စွမ်းရည် မြှင့်တင်ရေးအတွက် တပ်မတော်သား အားလုံး၏ ပညာရည် မြှင့်တင်ရေးကို ဆောင်ရွက် ပေးလျက်ရှိပြီး တပ်မတော်သားမိသားစုဝင် ရဲမေများ၊ သား၊ သမီးများ၏ ပညာရည် မြင့်မားရေးကိုလည်း တတ်နိုင်သည့်ဘက်မှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

“တပ်မတော်သားများနှင့် မိသာစုဝင်များ၏ စားရေး၊ ဝတ်ရေးနှင့်နေထိုင်ရေးတို့ အတွက် တတ်နိုင်သမျှ ကောင်း မွန်အောင် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ စသည့် စားသောက်ကုန် များကိုလည်း သက်သာချောင်ချိသော စျေးနှုန်းများဖြင့် အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေပြီး ရောင်းချပေးလျက်ရှိပါတယ်။ မိမိတို့၏ကျန်းမာရေးကို ထိခိုက် စေပြီး ငွေကုန်ကြေးကျများသည့် အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံးမှုများနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများကို ရှောင်ကြဉ်ရန်လိုပြီး ကျန်းမာကြံ့ခိုင်မှုရှိစေရေးအမြဲမပြတ် လေ့ကျင့်ဆောင်ရွက်နေရမည် ဖြစ်ပါတယ်။ သို့မှသာ တပ်မတော်ရဲ့နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly