တနင်္သာရီတိုင်းဝန်ကြီးချုပ် ပါတီဗဟိုသို့ ဒုတိယအကြိမ် တိုင်ကြားခံရ

တနင်္သာရီတိုင်းဝန်ကြီးချုပ် ပါတီဗဟိုသို့ ဒုတိယအကြိမ် တိုင်ကြားခံရ
Photo-AFP

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ။              ။ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် နှင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးကို မြိတ်ခရိုင်ဒေသခံများက NLD ပါတီဗဟိုသို့ တိုင်ကြားခဲ့ကြပြီး ဝန်ကြီးချုပ်အား ဒုတိယအကြိမ် တိုင်ကြားခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်က တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ထားဝယ်နှင့် မြိတ်တို့မှ လူ ၆၀ ကျော်က တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

“ ဘယ်သူတိုင်လဲ ကျွန်တော်တို့ မသိသေးဘူး။ ထားဝယ်တို့ ဘိတ်တို့က ပါတယ်ပဲကြားတယ်။ အခု လောလော ဆယ် ဝန်ကြီးချုပ်က သူ့လုပ်ငန်းတွေ သူဆက်ပြီးလုပ်နေတယ်။ သူ တာဝန်ထမ်းဆောင်နေသေးတယ်။ တာဝန် ရပ်ဆိုင်းတာတို့၊ဘာတို့ မရှိသေးဘူး” ဟု မြိတ်ခရိုင် NLDပါတီဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့က  ဆွေမျိုးတော်စပ်သူအား ကိုယ်ရေးအရာရှိခန့်မှုအပါအဝင် တိုင်ကြားမှု များအား ထားဝယ်ဒေသခံများက အမျိုးသားဒီမိုကရေစီပါတီ ဌာနချုပ်သို့ တိုင်ကြားထားခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်သည် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သော တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခယ်မတော်စပ်ပြီး ဦးအောင်စိုး၏ သမီး ဖြစ်သူကို ဝန်ကြီးချုပ်က ၎င်း၏ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။

 ယခု ဒုတိယအကြိမ်တိုင်ကြားမှုတွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အပါအဝင် NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် သရက်ချောင်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးကိုပါ ထည့်သွင်း တိုင်ကြားခဲ့ကြသည်။

အဆိုပါကိစ္စနှင့် ပက်သက်၍ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးသို့မေးမြန်းရန် ကြိုးစားခဲ့ သော်လည်း အစည်းအဝေးရှိ၍ ဟုဆိုကာ အဆက်အသွယ်မရရှိခဲ့ပေ။

ထပ်မံတိုင်ကြားလာသည့်ကိစ္စရပ်နှင့် ပက်သက်၍လည်း မဇ္စျိမမှ NLD ပါတီ၏ တိုင်ကြားစာများ လက်ခံရေး ကော်မတီမှ ဒေါက်တာမျိုးညွှန့်ထံသို့ ဖုန်းဖြင့် ဆက်သွယ်ရန်ကြိုးစားခဲ့ရာ လတ်တလောမှာ အဆက်အသွယ် မရရှိသေးပေ။

လက်ရှိတွင် ဝန်ကြီးချုပ်အား NLD ပါတီ ဗဟိုသို့ တိုင်ကြားခံထားရသည့်ကိစ္စကို စစ်ဆေးဆဲဖြစ်ပြီး ပါတီတာဝန် များမှ ရပ်ဆိုင်းထားခြင်းမျိုး မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly