“ကြက်မတွန်လို့ မိုးမလင်းဘူး” ဆိုတဲ့ အမြင်တွေကို ဖျောက်ကြဖို့ အမျိုးသမီး အမတ်လောင်းတွေ ပြော

“ကြက်မတွန်လို့ မိုးမလင်းဘူး” ဆိုတဲ့ အမြင်တွေကို ဖျောက်ကြဖို့ အမျိုးသမီး အမတ်လောင်းတွေ ပြော

ရန်ကုန်၊ အောက်တိုဘာ ၁။           ။ မြန်မာစကားပုံတစ်ခုမှာ “ကြက်မတွန်လို့ မိုးမလင်းဘူး” ဆိုတဲ့ စကားပုံ တစ်ခုရှိပါတယ်။ ဒီစကားရပ်ကို အနက်အဓိပ္ပါယ်ကတော့ အများသိကြတဲ့အတိုင်း အမျိုးသမီးတွေ စွမ်းဆောင်လို့ အရာမရောက်ဘူးလို့ အဓိပ္ပါယ် သက်ရောက်နိုင်ပါတယ်။

အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို နှိမ့်ချတာ၊ ချိုးနှိမ်တာ သို့တည်းမဟုတ် ဦးဆောင်မှု အခန်းကဏ္ဍနဲ့ နိုင်ငံရေးမှာ ပူးပေါင်းပါဝင်နိုင်မှု မရှိဘူးလို့ ယူဆတာ စတာတဲ့အမြင်တွေ ပြောင်းလဲဖို့ လိုပြီလို့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသမီး လွှတ်တော် အမတ်တွေက ဆိုကြပါတယ်။

မဇ္ဈိမက စကားစမြည်ပြောဖြစ်တဲ့ အမျိုးသမီးအမတ်လောင်းတွေကတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြု တောင်ဒဂုံ မဲဆန္ဒနယ် အမှတ် (၁) ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမတ်လောင်း ဒေါ်ကြည်ကြည်မော်၊ ကရင် ပြည်သူ့ပါတီကိုယ်စားပြုပြီး ကျုံပျော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နော်မာမာချိုတို့က အမျိုးသမီးတွေအပေါ် ထားတဲ့ အမြင်တွေကို ပြောင်းသင့်ပြီလို့ ဆိုကြပါတယ်။

အမျိုးသမီးတွေအပေါ်ထားတဲ့ သေးသိမ်တဲ့ အမြင်တွေဟာ ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ပထမဆုံး အခက်အခဲဖြစ်နေတယ်လို့ ဆိုသူကတော့ ဒေါ်ကြည်ကြည်မော် ဖြစ်ပါတယ်။

“ကြက်မတွန်လို့ မိုးမလင်းဘူး အမျိုးသမီးနဲ့ နိုင်ငံရေးက ဘာမှမပတ်သက်ဘူးလို့ လူတွေရဲ့ရင်ထဲမှာ များသောအားဖြင့် စွဲနေတယ်။ အမျိုးသမီးတွေလုပ်လို့ ထိထိရောက်ရောက် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ သူတို့က အဲဒါကို ယုံကြည်ထားကြတယ်။ အဲဒါကြောင့် ကျွန်မတို့တွေကို ဘာကြောင့် နိုင်ငံရေးလုပ်နေမှာလဲ လုပ်မဲ့သူတွေ အများကြီးရှိတာဘဲ အမျိုးသားတွေလုပ်မှာပေါ့ အမျိုးသမီးတွေက အရာမရောက်ဘဲ လုပ်ချင်ကြတယ်ပေါ့ အဲလိုမျိုးသူတို့က ယူဆနေကြတာ များသောအားဖြင့် အရင်ဦးဆုံး ရင်ဆိုင်ရတဲ့ပြဿနာ” လို့ ဒေါ်ကြည်ကြည်မော်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူမှုရေးနယ်ပယ်၊ နိုင်ငံရေနယ်ပယ်၊ စီးပွားရေး နယ်ပယ်တွေမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုဟာ ရာခိုင်နှုန်းအားဖြင့် အတော်နည်းနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အထင်ရှားဆုံး အဖြစ် လက်ရှိ မြန်မာ့ လွှတ်တော်မှာ အမျိုးသမီးအမတ် ၄ ရာခိုင်နှုန်းသာရှိပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာတော့ ပါတီအသီးသီးက အမျိုးသမီးလွှတ်တော်အမတ်လောင်း ၁၄ ရာခိုင်နှုန်းသာ အမည်စာရင်း ပေးသွင်းထားပါတယ်။

အမျိုးသမီးတွေအပေါ် လွဲမှားတဲ့ ထင်မြင်ချက်တွေနဲ့ နေရာမပေးတဲ့ ပြဿနာတွေကို အမျိုးသမီးတွေအပေါ်ထားတဲ့ အမျိုးသားတွေရဲ့ အမြင်အပြင် အမျိုးသမီးအချင်းချင်းလည်း ပူးပေါင်း တိုက်ပွဲဝင်သင့်တယ်လို့ ဆိုလာသူကတော့ နော်မာမာ ချိုဖြစ်ပါတယ်။

“အမျိုးသားတွေက အမျိုးသမီးတွေကို ပူးပေါင်းပြီးတော့ နားလည်ပေးရမယ် ဟုတ်တာကော မဟုတ်တာကော ဖြစ်နေတဲ့အရာပေါ့နော်။ အမျိုးသမီးတွေကို ပိုပြီးတော့ နားလည်ပေးရမယ် မိသားစုတွေကလည်း ဝိုင်းဝန်းပြီးတော့ ကူညီပေးရမယ် အထူးသဖြင့် အမျိုးသမီး အချင်းချင်းပေါ့နော် ဝိုင်းဝန်းပြီးတော့ ကာကွယ်ပေးရမယ် ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသမီးတွေကို တိုက်ခိုက်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ အမျိုးသမီးအချင်းချင်းက ကာကွယ်လက်တွဲ ပူးပေါင်းပြီး လုပ်ဆောင်ရမယ်” လို့ ဆိုပါတယ်။

အမျိုးသမီးတွေအပေါ် ထားတဲ့ဒီလိုအမြင်တွေကို တိုက်ဖျက်ဖို့ တိုက်တွန်းချက်တွေ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေကို ပြန်ကြည့်ရင် အမျိုးသမီးလွှတ်တော်အမတ် ရာခိုင်နှုန်းများလာနိုင်ခြေရှိပါတယ်။ သို့သော်လည်း မဲဆွယ် စည်းရုံးတဲ့နေရာမှာလည်း အမျိုးသမီးအမတ်လောင်းတွေ အခက်အခဲနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

အမျိုးသမီးအမတ်လောင်းတွေရဲ့ ပုံတွေကို ယူသုံးပြီး လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖြန့်ချိနေတာလို့ ဒေါ်ကြည်ကြည်မာက ပြောပါတယ်။

“ကျွန်မတို့က နိုင်ငံရေး အပြောင်းအလဲ တစ်ခုမှာ ကိုယ့်နိုင်ငံအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ချင်လို့သာ လုပ်ရတာလေ။ အဲဒီအတွက် အမှားဆိုတာ ရှိလာနိုင်တယ် သာမန်ကာလျှန်ကာ အမှားလေးတစ်ခုကို ပုံကြီးချဲ့ ပြီးတော့ အခုဆိုရင် ဖိုတိုရှော့တွေကလည်း အများကြီးထွက်လာတယ် ကျွန်မတို့ ဉာဏ်မမှီနိုင်တာတွေပေါ့နော် အဲလိုမျိုး ဖေ့စ်ဘုတ်မှာ လုပ်တဲ့အခါကျတော့လေ အရမ်းကိုလည်း အန္တရာယ်များလာတယ်” လို့ဆိုပါတယ်။

နည်းပညာအတွေ့အကြုံနည်းသေးတဲ့ မြန်မာလူထုအတွက် ဒါတွေကို အယုံအကြည် မရှိကြဖို့ကိုလည်း နော်မာမာချိုက တိုက်တွန်းပါတယ်။

“ဝိုင်းဝန်းကူညီရမယ် ဒါတွေဟာ ဖြစ်နိုင်လား မဖြစ်နိုင်လား သေချာစဉ်းစား ဆင်ခြင်ရမှာပေါ့နော်။ အခုခေတ်ကလည်း အားလုံးသိတဲ့အတိုင်း ဖြတ်ညှပ်ကပ်တွေ အများကြီးလုပ်လို့ရတယ်လေ။ ကိုယ့်ရဲ့ မျက်နှာကိုယူပြီးတော့ နည်းမျိုးစုံနဲ့ လုပ်တာတွေ ဒါတွေက အများကြီး ရင်ဆိုင်ကြုံတွေ့ရ ဦးမှာ” လို့ ဆိုပါတယ်။

အမျိုးသမီးတွေအပေါ် အထင်အမြင်သေးတာ၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်အပေါ် သံသယရှိတာ စတာတွေအပြင် နိုင်ငံရေး အပါအဝင် အခြားနယ်ပယ်တွေမှာ ဦးဆောင်နိုင်ဖို့ ကြိုးပမ်းလာကြတဲ့ အမျိုးသမီးတွေကိုလည်း ခုလို နှောက်ယှက်တာမျိုးတွေတော့ ကြုံနေကြရပါပြီ။ ဒါဆိုရင် ဘာလုပ်သင့်ပါသလဲ။

“အမျိုးသမီး အချင်းချင်းနားလည်ပါ အမျိုးသားတွေကလည်း နားလည်မှုပေးပါ သူတို့ မလုပ်နိုင်တဲ့နေရာ အကုန်လုံးမရှိဘူးဆိုတာ မဟုတ်ဘူး။ သူတို့လည်း လူသားဘဲလေ ကျွန်မတို့ မလုပ်နိုင်တဲ့အရာ သူတို့လုပ်နိုင်တယ် သူတို့မလုပ်နိုင်တဲ့အရာ ကျွန်မတို့ လုပ်နိုင်တယ်။ ကျွန်မတို့က အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ လက်တွဲကူညီမှ တိုင်းပြည်က မြန်မြန်ရွေ့မှာလေ အမျိုးသား၊ အမျိုးသမီး ခွဲခြားနေမယ် ဆက်ဆံနေမယ် မြင်နေမယ်ဆိုရင် အတိုက်အခိုက်တွေက အများကြီးဖြစ်နေမယ် ကျွန်မတို့ကို နားလည်မှုရှိပေးပါ။ ကျွန်မတို့နေရာမှာ သူတို့ဆိုရင်ကော အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်သွားမလဲ တွေးလိုက်တာနဲ့ အဖြေပေါ်သွားမှာဘဲ” လို့ ဒေါ်ကြည်ကြည်မော်က ဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly