မော်စကို၊ ဖေဖော်ဝါရီ ၂ ။ ။ စစ်အေးခေတ်က နှစ်နိုင်ငံ ချုပ်ဆိုထားတဲ့ ဒုံးကျည်တားမြစ်ရေး ပဋိညာဉ်တစ်ရပ်အပေါ် အမေရိကန်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ရုရှနိုင်ငံဟာ စနေနေ့မှာ မဆိုစလောက် တုံ့ပြန်မှုကို လုပ်ဆောင်လိုက်ပါတယ်။
၁၉၈၇ ခုနှစ်က နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့တဲ့ တာလတ်ပစ် ဒုံးကျည်တွေ ထိန်းချုပ်ရေး INF ပဋိညာဉ်ကို ရုရှက ချိုးဖောက်တယ် စွပ်စွဲချက်နဲ့ အမေရိကန်ဟာ ဒီသဘောတူညီမှုမှာ ပါဝင်တာကို ရပ်ဆိုင်းကြောင်း ကြေညာချက် ထုတ်ခဲ့ပါတယ်။
အဲဒီလို အမေရိကန်ဖက်က လုပ်ဆောင်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှနိုင်ငံကလည်း ဒီပဋိညာဉ်မှာ ပါဝင်မှုကို ရပ်ဆိုင်းကြောင်း သမ္မတ ပူတင်က ကြေညာပြောဆိုရင်း တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ အမေရိကန်မိတ်ဆွေဟာ ပဋိညာဉ်မှာ သူတို့ ပါဝင်ထားမှုကို ရပ်ဆိုင်းနေပြီလို့ ကြေညာထားတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ ပါဝင်မှုကို ရပ်ဆိုင်းပါပြီ။”လို့ သမ္မတ ပူတင်က ပြောဆိုပါတယ်။
INF ပဋိညာဉ်ကို ချိုးဖောက်ပြီး ဒုံးကျည်တွေ တည်ဆောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရုရှနိုင်ငံက ငြင်းဆန်ထားပါတယ်။
ဒါပေမယ့် အမေရိကန်ဖက်က ရုရှဟာ ပဋိညာဉ်ကို ချိုးဖောက်နေတာအတွက် အနောက်အုပ်စုက စိုးရိမ်နေရတာကို ဖြေရှင်းခြင်း မရှိကြောင်း ပြောဆိုပါတယ်။
“INF ပဋိညာဉ်မှာ ပါဝင်မှုကို အမေရိကန်က ရပ်ဆိုင်းပြီ ဖြစ်တယ်။ ဒီ ပဋိညာဉ်ကနေ နုတ်ထွက်ဖို့ လုပ်ငန်းစဉ်တွေကို စတင်တော့မှာပါ။ ပဋိညာဉ်ကို ချိုးဖောက်ပြီး တည်ထွင်ထုတ်လုပ်ထားတဲ့ ဒုံးကျည်တွေ၊ လောင်ချာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖျက်ဆီးပစ်ဖို့ ရုရှကို အချိန်ခြောက်လပေးထားတာလည်း စေ့တော့မှာ ဖြစ်တယ်။”လို့ သမ္မတ ထရမ့်က ပြောဆိုထားပါတယ်။