လမ်းမြေ၊ မြောင်းမြေများကို ကျူးကျော်၍ အပင်စိုက်သူများအား စီမံချက်ဖြင့် အရေးယူမည်

လမ်းမြေ၊ မြောင်းမြေများကို ကျူးကျော်၍ အပင်စိုက်သူများအား စီမံချက်ဖြင့် အရေးယူမည်
(ဓာတ်ပုံ-ဒေါက်တာ ရဲလွင်)

မန္တလေး၊ ဖေဖော်ဝါရီ ၂ ။            ။ လမ်းမြေများနှင့်မြောင်းမြေများတွင်ကျူးကျော်၍ အလှပင်စိုက်ပျိုးထားသူများကို စီမံချက်ဖြင့် အရေးယူသွားရန် စီစဉ်လျက်ရှိကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

"မကြာခင်စီမံချက်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်တော့မှာမို့ မိမိအိမ်ဝိုင်းအတွင်းပြောင်းရွှေ့ထားကြဖို့ အလေးအနက်တိုက်တွန်းလိုက်ပါတယ်။"ဟုဒေါက်တာရဲလွင်က ပြောသည်။

လမ်းမြေများပေါ်တွင် အပင်များ စိုက်ပျိုးထားကြခြင်းကြောင့် လမ်းလျှောက်သွားလာသူများအတွက် အခက်အခဲ တွေ့ကြုံရပြီး ယာဉ်ရပ်နားရန်အတွက်လည်းအခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း အဆိုပါကိစ္စကို စီမံချက်ဖြင့် ဆောင်ရွက်မည်ဖြစ်သဖြင့် ဖယ်ရှားပြောင်းရွှေ့၍ မိမိပိုင်ဆိုင်သည့် မြေများအတွင်း၌သာ စိုက်ပျိုးပေးကြရန် မြို့တော်ဝန် ဒေါက်တာရဲလွင်က တိုက်တွန်းပြောဆိုထားသည်။

"လမ်းနဲ့မြောင်းကြားက လမ်းမြေက လူတွေလမ်းလျှောက်ဖို့အတွက် ပလက်ဖောင်းနေရာပါ။မိမိ၀ါသနာပါလို့ ပန်းအိုးလေးတွေနဲ့ အပင်စိုက်တာ ကောင်းပေမယ့် မိမိကိုယ်ပိုင်မြေနေရာအတွင်းမှာပဲ စိုက်ပျိုးသင့်တာပါ။ အခုတော့ လမ်းမြေတွေပေါ် ထားတဲ့သူတွေကြောင့် လမ်းလျှောက်သူတွေအတွက် အနှောက်အယှက် အကြီး အကျယ်ပေးသလို ကားရပ်ဖို့နေရာပါပျောက်သွားတာပါ။အချို့ကတော့ ပန်းအိုးလေးတွေနဲ့စကျူးကြည့်တယ်။ အခြေအနေကောင်းရင် ရှေ့တိုးပြီးကျူးဆောက်ကြလို့လည်း လမ်းတွေကျဉ်းကုန်ကြတာ ပါပါတယ်။"ဟု ဒေါက်တာ ရဲလွင်ကပြောသည်။

 
မန္တလေးမြို့တွင် မကြာခင်ကာလအတွင်း ကားရပ်နားရန်နေရာ Car parking စီမံချက်ကို အကောင်အထည် ဖော်ရန် စီစဉ်နေပြီး ကတ်တုံးနှင့် ပလက်ဖောင်းများကိုလည်း စနစ်တကျ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။

လမ်းပေါ်သို့ ကျူးကျော်နေသော အပင်စိုက်သူများကို စီမံချက်ဖြင့် အရေးယူရာတွင် လမ်းဘေး၌ ရောင်းချ နေသည့် ပျိုးပင်အရောင်းဆိုင်များကိုပါ အရေးယူဆောင်ရွက်သွားမည်ဟု သိရပြီး အဆိုပါစီမံချက်ချက်ကို ဆောင်ရွက်ရခြင်းမှာ မန္တလေးမြို့တော် သန့်ရှင်းသာယာလှပစေရန်အတွက် ရည်ရွက်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly