မကွေး စတုံကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်နှင့် ကျွန်းသစ်များ ဖမ်းမိ

By တင်ရွှေ(မဇ္ဈိမ)/လှိုင်ဘွး(မြို့သစ်)
02 February 2019
မကွေး စတုံကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်နှင့် ကျွန်းသစ်များ ဖမ်းမိ

မကွေး၊ ဖေဖော်ဝါရီ ၂ ။           ။ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စတုံကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ်များနှင့် တရားမဝင် သစ်စက်တစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ မြို့သစ်မြို့နှင့် မိုင်(၃၀)အကွာ စတုံကြိုးဝိုင်းတွင် ဘိနယ်အပိုင်တာဝန်ခံတောအုပ် ခန့်ဇော်သူနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည် မိမိတို့အပိုင်နယ်မြေအတွင်း တရားမဝင်သစ်များခိုးထုတ်နေခြင်းရှိမရှိ နယ်လှည့်လိုက်လံစစ်ဆေးဆောင်ရွက်နေစဉ် သစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၅၈)တွင် ကျွန်းသစ်လုံး (၁၆)လုံး၊ ၁.၀၇၆ တန်ရှိ သစ်လုံးများနှင့် Wuling ဒီဇယ် အင်ဂျင်(၂၅)ကောင် (၁)လုံး၊ ၃ပေ ၆ လက်မရှိ လွှဝိုင်း(၁)ခု ရှပ်တန်း (၁)စုံ ပေ ၃၀ ပတ္တားကြိုး (၁)ချောင်းတို့အား ဇန်နဝါရီ ၃၀ ရက်နေ့၊ ညနေ ၅ နာရီ အချိန်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ရှိရသည့်နေရာပတ်ဝန်းကျင်ရှိ အသိသက်သေများအား ခေါ်ယူစစ်ဆေး၍ ကျွန်းသစ်လုံးများနှင့် သစ်စက်အား သိမ်းဆည်းခဲ့ပြီး တရားမဝင်ကျွန်းသစ်လုံးများခိုးခုတ်ပြီး တရားမဝင်သစ်စက်ဖြင့် သစ်များ ခိုးခွဲထုတ်နေသူအား စုံစမ်းဖော်ထုတ်ရန် ကြိုးဝိုင်းအတွင်း နယ်လှည့်စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့အခုသစ်များနဲ့ သစ်စက်ဖမ်းဆီးရမိတဲ့နေရာနဲ့ ကျွန်တော်တို့မြို့နယ်ရုံးနဲ့က တစ်ရက်နဲ့ တစ်မနက် လောက်သွားရပါတယ်။ အလွန်ကွာဝေးပါတယ်။ အခုလည်းသက်သေခံပစ္စည်းတွေကို ပိုင်ရှင်မဲ့ သိမ်းဆီးပြီး မြို့နယ်ရုံးကို ဒီနေ့ညနေ ၅ နာရီမှ ပြန်ရောက်လို့တိုင်း/ခရိုင်ရုံးကိုလည်း အခုမှထူးခြားဖြစ်စဉ် တင်ပြရတာပါ။ သက်သေခံပစ္စည်းတွေကို ပိုင်ရှင်မဲ့ သိမ်းဆီးလိုက်ရသော်လည်း တရားခံကို အမြန်ဆုံးဖေါ်ထုတ် စုံစမ်း ဖမ်းဆီးပြီး ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမှာပါ"ဟု ဘိနယ်တာဝန်ခံ တောအုပ် ခန့်ဇော်သူမှပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျွန်းသစ်လုံး(၁၆)လုံးနှင့် (၁.၀၇၆)တန်၊Wuling အင်ဂျင်နှင့် ဆက်စပ် ပစ္စည်းများ၏ ပိုင်ရှင်အား စုံစမ်းဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly