အင်ဒိုနီးရှားတွင် များမကြာမီက ထောင်ဖောက်ထွက်ပြေးခဲ့သည့် ပြင်သစ်အကျဉ်းသားအား ဖမ်းဆီးရမိ

အင်ဒိုနီးရှားတွင် များမကြာမီက ထောင်ဖောက်ထွက်ပြေးခဲ့သည့် ပြင်သစ်အကျဉ်းသားအား ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၂ ။          ။ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ထောင်ဖောက်ထွက်ပြေးသွားခဲ့တဲ့ ပြင်သစ်အကျဉ်းသားတစ်ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း အင်ဒိုနီးရှားအာဏာပိုင်တွေက ယနေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါ ပြင်သစ်အကျဉ်းသား ဖီလစ်ရှ် သော်ဖင်ကို မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ စက်တင်ဘာလ၊ ၂၀၁၈ ခုနှစ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ကိုကင်း၊ အက်စတစီ၊ အမ်ဖီတမင်းအစရှိတဲ့ မူးယစ်ဆေး ၄ ကီလိုဂရမ် (၈ ဒသမ ၈ ပေါင်) ပါဝင်တဲ့ ခရီးဆောင်အိတ်နဲ့အတူ ဖီလစ်ရှ် သော်ဖင်ကို ဘာလီကျွန်းနားက အပန်းဖြေကျွန်းတစ်ကျွန်းရဲ့ လေဆိပ်ဧရိယာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ထောင်ဖောက်ထွက်ပြေးသွားတဲ့ ပြင်သစ်အကျဉ်းသား ဖီလစ်ရှ် သော်ဖင်ကို အင်ဒိုနီးရှားရဲတွေက လွမ်ဘော့ခ်မြောက်ပိုင်းက တောနက်တစ်နေရာမှာ ယမန်နေ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ယင်းကဲ့သို့ ပြန်လည်ဖမ်းဆီးရာမှာ ပြန်လည်ခုခံခြင်းမပြုခဲ့ပေမယ့် ဖီလစ်ရှ်ဟာ ရဲတွေကို လာဘ်ထိုးပြီး အလွတ်ပေးဖို့ အသနားခံခဲ့တယ်လို့ သိရပါတယ်။

ဖီလစ်ရှ်ထောင်ဖောက်ထွက်ပြေးစဉ်က ကူညီပေးခဲ့တဲ့ အမျိုးသမီးရဲအရာရှိတစ်ဦးကိုလည်း ဖမ်းဆီးထားလိုက်ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖီလစ်ရှ်ဟာ အဆိုပါအမျိုးသမီးရဲအရာရှိကို ကန်ဒေါ်လာ ၁၀၀၀ နီးပါးလာဘ်ထိုးပြီး အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ကျနေတဲ့ ဖီလစ်ရှ်ဟာ ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရဖွယ်ရှိကြောင်း သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required