ဂါဇာမှာ အစ္စရေးတပ်ဖွဲ့ ပစ်ခတ်တာကြောင့် ပါလက်စတိုင်း ၃၂ ဦး ဒဏ်ရာရ

ဂါဇာမှာ အစ္စရေးတပ်ဖွဲ့ ပစ်ခတ်တာကြောင့် ပါလက်စတိုင်း ၃၂ ဦး ဒဏ်ရာရ
Photo: AFP

ဂါဇာစီးတီး၊ ဖေဖော်ဝါရီ ၂ ။         ။ ဂါဇာနယ်စပ်မှာ သောကြာနေ့က ထပ်မံပေါ်ပေါက်လာတဲ့ ထိပ်တိုက်တွေ့မှုတွေမှာ အစ္စရေးစစ်တပ် ပစ်ခတ်တာကြောင့် ပါလက်စတိုင်း ၃၂ ဦး ဒဏ်ရာရတယ်လို့ ဟားမတ်စ်ထိန်းချုပ်ရာ ဂါဇာနယ်မြေမှ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နယ်စပ်တစ်လျှောက် ဆန္ဒပြမှုတွေမှာ အပစ်ခံရတာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ အက်ရှ်ရတ်ဖ်အယ်ကူဒရာက ပြောပေမယ့် ဒဏ်ရာရသူတွေဟာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဆူပူအကြမ်းဖက်သူနဲ့ ဆန္ဒပြသူ အင်အား တစ်သောင်းနီးပါးက ဂါဇာကမ်းမြောင်ကို ပိုင်းခြားထားတဲ့ နယ်ခြားစည်းရိုးတစ်လျှောက် စုရုံးရောက်ရှိနေတာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

“ဆူပူအကြမ်းဖက်သူတွေဟာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်သလို ကားတာယာတွေကို လှိမ့်သွင်းတာတွေ လုပ်ဆောင်ခဲ့တယ်။”လို့ အစ္စရေးစစ်တပ် ပြောခွင့်ရအမျိဳးသမီးတစ်ဦးက ဆိုပါတယ်။ ဖောက်ခွဲရေးပစ္စည်း တော်တော်များများကိုလည်း ဂျူးနိုင်ငံရဲ့ တပ်ဖွဲ့ဝင်တွေဆီ ပစ်ပေါက်တာမျိုးတွေ လုပ်ဆောင်ကြောင်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

ဂါဇာနယ်စပ်တစ်လျှောက်မှာ ပါလက်စတိုင်းတွေ စုရုံးရောက်ရှိပြီး ဆန္ဒပြနေကြတာဆိုရင် တစ်နှစ််နီးပါးလောက် ရှိနေပြီ ဖြစ်ပါတယ်။ ရံဖန်ရံခါဆိုသလို ဆန္ဒပြမှုတွေဟာ အကြမ်းဖက်အသွင် ကူးပြောင်းပါတယ်။

၁၉၈၄ အစ္စရေးနိုင်ငံ တည်ထောင်ခြင်းမှာ ပိုင်နက်နယ်မြေတွေ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ပါလက်စတိုင်းတွေက ၎င်းတို့ရဲ့ နေရပ်ဆီ ပြန်လည်ဝင်ရောက်ခြင်းအဖြစ် ဂါဇာနယ်စပ်မှာ စုရုံးဆန္ဒပြကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က စတင်ခဲ့တဲ့ စုရုံးနေရပ်ပြန်မှုဆိုတဲ့ အဲဒီ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ခုချိန်ထိ အစ္စရေးက ပစ်ခတ်လို့ သေဆုံးသူ ပါလက်စတိုင်းဦးရေ ၂၄၆ ဦးအထိ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly