ONE Championship နိုင်ငံတကာရေးရာ ဒုတိယဥက္ကဋ္ဌသစ် ခန့်အပ်

ONE Championship နိုင်ငံတကာရေးရာ ဒုတိယဥက္ကဋ္ဌသစ် ခန့်အပ်

ဖေဖော်ဝါရီ ၁ ရက်နေ့ ၊ စင်ကာပူ။         ။ အာရှအခြေစိုက် ONE Championship သည် NBA (National Basketball Association) တွင် တာဝန်ထမ်းဆောင်ဖူးသည့် Meghan Jenkins ကို နိုင်ငံတကာရေးရာ ဒုတိယဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့သည်။

Meghan သည် ONE Championship ၏ လုပ်ငန်းပိုင်းဆိုင်ရာများကို နိုင်ငံတကာတွင် ပိုမိုဖွံဖြိုးတိုးတက်လာ ကာ စျေးကွက်သစ်များရရှိရေးကို မဟာဗျူဟာကျကျ စီမံဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

၎င်းသည် ကမ္ဘာ့ထိပ်တန်း ဘက်စကတ်ဘောလိဂ်ဖြစ်သည့် NBA ၏ ဌာနချုပ်နှင့် အာရှအခြေစိုက်ရုံးချုပ်တို့တွင် ၁ဝ နှစ်ကြာ တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး လာမည့်မတ်လတွင် Meghan သည် ONE Championship တွင် တာဝန်ထမ်းဆောင်တော့မည်ဖြစ်သည်။

“ONE Championship ရဲ့ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ထဲမှာ နိုင်ငံတကာရေးရာ ဒုတိယဥက္ကဋ္ဌအဖြစ် Meghan Jenkins ပါဝင်လာတာကို ကြေညာရတာ အလွန်ဝမ်းသာစရာကောင်းလှပါတယ်။  ခေါင်းဆောင်မှုပိုင်းမှာ အတွေ့အကြုံ ရင့်ကျက်တဲ့  Meghan ဟာ ကျွန်တော် အပါအဝင် အုပ်ချုပ်မှုအဖွဲ့နှင့်အတူ ONE Championship ကို အာရှသမိုင်းမှာ  ပထမဆုံး အမေရိကန်ဒေါ်လာ ဘီလီယံချီတန်ကြေးရှိတဲ့ အကြီးမားဆုံး ကမ္ဘာ့အဆင့်ကိုယ်ခံပညာပြိုင်ပွဲများကို ကျင်းပေးနေသော အဖွဲ့အစည်းဖြစ်လာဖို့ အတိုင်းအတာတစ်ခုထိ ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။” ဟု ONE Championship ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Chatri Sityodtong  က ပြောသည်။

Meghan က “ONE Championship နဲ့ လက်တွဲခွင့်ရတာ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ NBA ကို ကမ္ဘာ့ အားကစားလောကမှာ  ထိပ်တန်းနေရာ ရပ်တည်နိုင်ခဲ့အောင် ၁ဝ စုနှစ်နီးပါးလုပ်ခဲ့တာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေဖြစ်ပါတယ်။ ဒါကို အသုံးချပြီး ONE Championship ကို နောက်ထပ်အဆင့်တစ်ခုအထိ တိုးတက်လာအောင် လုပ်ဆောင်မှာပါ။ ကျွန်မဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အာရှပစိဖိတ်ဒေသ တွင်းမှာ စျေးကွက်အခွင့်အလမ်းကောင်းတစ်ချို့ ရှိနေတာကို ဖော်ထုတ်ဖို့ အာရုံစူးစိုက်မိခဲ့တယ်။  အာရှစျေးကွက်ဟာ အလားအလာကောင်းတွေရှိပြီး အားကစားမီဒီယာကဏ္ဍဟာလည်း အလွန်ကို ဖွံ့ဖြိုးလာပါတယ်၊ ONE Championship ဟာ အာရှစျေးကွက်ကို ပြိုင်ဘက်ကင်းစွာနဲ့ အများဆုံး သိမ်းပိုက်ထားနိုင်ပါတယ်။  ONE Championship မှာ ပါဝင်ပြီး ဥက္ကဋ္ဌ Chatri အုပ်ချုပ်မှုအဖွဲ့နဲ့အတူ ပူးပေါင်းပြီး ONE Championship ပြိုင်ပွဲကြီးကို ကမ္ဘာ့အင်အားကြီး အားကစားလောကမှာ ထိပ်တန်းနေရာဝင်အောင် တည်ဆောက်ရမှာမို့ ကျေနပ်မိပါတယ်”ဟု ၎င်းကဆိုသည်။

Meghan Jenkins က ဟောင်ကောင်တွင်ရှိသော NBA အာရှ အခြေစိုက်ရုံး မဟာဗျူဟာပိုင်းဌာန၌ ဒုတိယဥက္ကဋ္ဌရာထူးဖြင့် အကြီးတန်း စီမံခန့်ခွဲမှုအဖွဲ့တွင် ၂ဝ၁၅ ခုနှစ်မှ စတင်ပြီး လုပ်ကိုင်ခဲ့သည်။

Jenkins သည် NBA စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို အာရှပစိဖိတ်ဒေသတွင် စျေးကွက်ဖြန့်ကျက်ဖြင်း၊ မဟာဗျူဟာမြောက်သော မိတ်ဖက်စီးပွားရေးပုံစံဖွံ့ဖြိုးစေခြင်း၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ချမှတ်ခြင်း၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ စီမံခန့်ခွဲမှု အစရှိသောတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ဂျပန်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် ပြုလုပ်သည့် Media ပိုင်းဆိုင်ရာ သဘောတူညီမှု အချို့တွင် ပါဝင်လုပ်ဆောင်ခဲ့ပြီး Digital Media Platforms နှင့် eSports ပိုင်းဆိုင်ရာတို့ကို အုတ်မြစ်ချလုပ်ဆောင်ပေးခဲ့ပါသည်။

Jenkins သည် အာရှသို့ မပြောင်းရွှေ့မီအချိန်က နယူးယောက်မြို့ရှိ NBA ရုံးချုပ်တွင် ကော်ပိုရိတ်မဟာဗျူဟာ ချမှတ်ခြင်း၊ နိုင်ငံတကာ စျေးကွက်ချဲ့ထွင်မှုနှင့် မဟာဗျူဟာကျကျ မိတ်ဖက်နှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ကဏ္ဍများတွင် ၇ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required