ဝက် ၄ ကောင်နဲ့ အတူနေထိုင်တဲ့ ထိုင်ဝမ်အမျိုးသမီး

ဝက် ၄ ကောင်နဲ့ အတူနေထိုင်တဲ့ ထိုင်ဝမ်အမျိုးသမီး

ဖေဖော်ဝါရီ ၁ ။            ။ ထိုင်ဝမ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဂျန်နီ ဆိုင် ကတော့ ထူးထူးခြားခြားပဲ ဝက်တွေကို အိမ်မွေး တိရိစ္ဆာန်အဖြစ် မွေးထားပြီး အိမ်တစ်အိမ်တည်းမှာပဲ အတူနေထိုင်သူဖြစ်ပါတယ်။

ထိုင်ချွန်မြို့ အထပ်မြင့် အိမ်ယာတစ်ခုက ကိုးလွှာတိုက်ခန်းမှာ နေထိုင်တဲ့ ဂျန်နီကတော့ အခန်းဖော်တစ်ဦးအပြင် သူမ ပိုးမွေးသလို မွေးထားတဲ့ ဝက်လေးကောင်နဲ့အတူ နေထိုင်လျက် ရှိနေတာဖြစ်ပါတယ်။

သူမရဲ့ ဝက်တွေဟာ အင်မတန် လိမ်မာကြတယ်လို့ ဝက်ဘ်ဒီဇိုင်နာ တစ်ဦးဖြစ်တဲ့ ဂျန်နီက ပြောပါတယ်။ ရေခဲသေတ္တာကို ဘယ်လိုဖွင့်ရမလဲ ဆိုတာကိုတောင် သိကြတယ်လို့လည်း ဆိုပါတယ်။

" ကျွန်မ ဝက်တွေက တအား ချစ်ဖို့ ကောင်းပါတယ်၊ အရမ်းလည်း ကြင်နာတတ်ကြပါတယ်၊ ကျွန်မ နေမကောင်းဖြစ်ချိန်မျိုးဆိုရင် သူတို့ အကုန်လုံး ကျွန်မဘေးမှာ ရှိနေကြတယ်လေ၊ အဖော်လုပ်ပေးကြတာပေါ့၊ အဲ၊ ဒါပေမယ့် နေကောင်းလျက်သားနဲ့ ဖျားချင်ယောင်ဆောင်လို့တော့ မရပါဘူး၊ အဲဒီကျ သူတို့ ချက်ချင်းသိပြီး အကုန်လုံး ဗြောင်းဆန်အောင် လုပ်ပစ်ကြပါလိမ့်မယ်" ဆိုပြီး ဂျန်နီက သူမ ဝက်တွေကို ချီးမွမ်းခန်း ဖွင့်ပါတယ်။

အစားအသောက်နဲ့ ပတ်သက်လာရင်တော့ တရုတ် ယဉ်ကျေးမှုမှာက ဝက်သားက အရမ်းအရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။

ဒါပေမယ့်လည်း ဂျန်နီရဲ့ ဝက်တွေကတော့ အင်မတန် ကံကောင်းကြပါတယ်၊ သူတို့ဟာ ပန်းကန်ပြားထဲ ရောက်သွားမယ့် အဖြစ်ကနေ ရှောင်ထားနိုင်ကြလို့ ဖြစ်ပါတယ်။

ဂျန်နီရဲ့ ဝက်လေးကောင်မှာတော့ ကိုယ်ပိုင် စောင်၊ အဝတ်အစား၊ အစာခွက်၊ လည်ပတ်ကြိုးတို့ အသီးသီး ရှိနေကြပါတယ်။  သူမ တိုက်ခန်းမှာလည်း ဝက်တွေနဲ့ ဆိုင်တဲ့ အပြင်အဆင်တွေ ပြင်ဆင်ထားရှိပါတယ်။

ခုလိုမျိုး ဝက်တွေကို အိမ်မှာ မွေးပြီး စောင့်ရှောက်ရတဲ့ အလုပ်က လွယ်ကူတဲ့ အလုပ်မဟုတ်ဘူးလို့လည်း ဂျန်နီက ဝန်ခံသွားပါတယ်။

ဘာပဲဖြစ်ဖြစ် ဝက်တွေက သူမအတွက် ပျော်စရာတွေ အများကြီး ယူလာပေးတဲ့အတွက် သူ့ဝက်တွေကို အရမ်းချစ်တယ်လို့ ဂျန်နီက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly