Night Market ပွဲတော်ရက်အတွင်း ဝန်ကြီးများရုံးအဆောက်အဦကို ပိတ်ပင်ထားမည်

Night Market ပွဲတော်ရက်အတွင်း ဝန်ကြီးများရုံးအဆောက်အဦကို ပိတ်ပင်ထားမည်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ။             ။ ဝန်ကြီးများရုံးအတွင်းရှိ မြက်ခင်းပြင်များတွင် Night Market ကို ပြုလုပ်သွားမည်ဖြစ်သော်လည်း အဆောက် အဦများကို ထိခိုက်ပျက်စီးမှုမရှိစေရန် စီစဉ်ထားသည်ဟု Signature Night Market ထူထောင်သူ ဦးမင်းလွင်က မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

 “တခြားနေရာတွေကို ငြမ်းတွေနဲ့ ပိတ်ထားမှာခိုးပြီးတောင်ဝင်လို့မရအောင် ပိတ်ထားမှာအထပ်သားပြားတွေနဲ့ ပိတ်ထားမယ်။ ဒီနေရာသည် မဝင်ရ ဆိုတဲ့ဟာကို အနီရောင်ကြက်ခြေခတ် အမှတ်အသား ပြထားပေးမယ်။ လှေကားတွေဘာတွေ ပေးမတက်ဘူး။ အဆောက်အဦးထဲ ဝင်ခွင့်မပြုဘူး” ဟု ၄င်းက ဆိုသည်။

 ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံးသည် အများပြည်သူများ အလွယ်တကူ ဝင်ရောက်နိုင်ရန် ခက်ခဲသည့် နေရာလည်းဖြစ်သည်။

 အဆိုပါရုံးဝန်းအတွင်း၌ အမေရိကန်နှင့် မြန်မာ ပူးပေါင်းတင်ဆက်သော ယဉ်ကျေးမှုဖလှယ်သည့်ပွဲအဖြစ် Night Market ပြုလုပ်မည်ဟု ကြေညာခဲ့ခြင်းကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ကြောင်း ပြည်သူများအကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

 ထိုသို့ ပျက်စီးမှုများအား ကာကွယ်ရန်အတွက် အဆောက်အဦးများအား ဝင်ရောက်ကြည့်ရှုခွင့်ကို ပိတ်ပင်ထားမည်ဖြစ်ပြီး လုံခြုံရေးအထူးတင်းကြပ်ထားသည်ဟုလည်း ပွဲစီစဉ်သူများဘက်ကဆိုသည်။

 Night Market ပွဲတွင် အမေရိကန်ဘက်မှ နာမည်ကြီးဆိုင်များဖြစ်သည့်  Hard Rock, Novotel နှင့် Park Royal အစရှိသည့် နာမည်ကြီးဆိုင်များ၊ California ဝိုင်မျိုးစုံ၊ Italy ဝိုင်မျိုးစုံ၊ Cheese မျိုးစုံ နှင့် မြန်မာဘက်မှ မြန်မာ့ရိုးရာခေါင်ရည်နှင့် အစားအသောက်များကို ခင်းကျင်းပြသသွားမည်ဖြစ်သည်။

 ယင်းအပြင် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်သည့်အနေဖြင့် အမေရိကန်ဘက်မှ Hard Rock Band နှင့် မြန်မာ ဘက်မှ ရိုးရာ ဆီမီးခွက်၊ရုပ်သေး အကအလှများ၊ မြန်မာ နာမည်ကြီးအဆိုတော်များ၏ ဖျော်ဖြေမှုများလည်း ပါဝင်မည်ဟု ပွဲစီစဉ်သူက ဆိုသည်။

 ပွဲတော်ရက်ကို ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက်နေ့ နှစ်ရက်တာ ပြုလုပ်သွားမည်ဖြစ်ကာ ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။ လက်မှတ်များကို တစ်စောင်လျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး နိုင်ငံခြားသားများကို ၁၀ ဒေါ်လာသတ်မှတ်ထားကြောင်း လက်မှတ်အစောင်ရေ ၅၀၀၀ အထိသာ ရောင်းချသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required