ဂွါဒိုကို ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် ဥရောပပါလီမန် အသိအမှတ် ပြု

ဂွါဒိုကို ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် ဥရောပပါလီမန် အသိအမှတ် ပြု

အမေရိကန် ထောက်ခံတဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဝိုင်းဂွါဒိုကို ဥရောပပါလီမန်က နိုင်ငံရဲ့ ကြားဖြတ်သမ္မတအဖြစ် ကြာသပတေးနေ့မှာ အသိအမှတ် ပြုလိုက်ပါတယ်။

တောင်အမေရိကနိုင်ငံ ဗင်နီဇွဲလားမှာ နက်ရှိုင်းတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးအတွက် သမ္မတရွေးကောက်ပွဲ စောပြီး ကျင်းပဖို့ ဥရောပသမဂ္ဂ အီးယူက တိုက်တွန်းချက်ကို ပြဿနာတွေ ဝိုင််းရံနေတဲ့ ရှိဆဲ သမ္မတ မာဒိုရိုက မလိုက်နာတာကြောင့် ဥရောပပါလီမန်က ခုလို လုပ်ဆောင်လာတာပါပဲ။

အီးယူအဖွဲ့ကြီးရဲ့ ဥပဒေပြုရေးအုပ်စုဖြစ်တဲ့ ဥရောပပါလီမန်မှာ ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ နာမည်ထင်ရှားတဲ့ အတိုက်အခံလည်း ဖြစ်သူ ၀ိုင်းဂွါဒိုကို ဗင်နီဇွဲလားရဲ့ ကြားဖြတ်သမ္မတအဖြစ် ထောက်ခံမဲ ၄၃၉ မဲ၊ ကန့်ကွက်မဲ ၁၀၄ မဲနဲ့ အသိအမှတ်ပြုလိုက်တာပါ။

ဒီလုပ်ဆောင်ချက်ဟာ ပဋိပက္ခနွံနစ်နေတဲ့ ဗင်နီဇွဲလားမှာ သမ္မတရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ တောင်းဆိုတာကို ခေါင်းရှောင်တဲ့ သမ္မတ မာဒူရိုအပေါ် နိုင်ငံတကာဖိအားတွေ ပိုမိုဖိစီးစေတော့တာ ဖြစ်ပါတယ်။

“ဥရောပပါလီမန်ကနေ ဂွါဒိုကို ဗင်နီဇွဲလားရဲ့ တရားဝင်ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုကြောင််း ကြေညာနိုင်တာအတွက် ဝမ်းမြောက်ရပါတယ်။”လို့ ဘရပ်ဆဲလ်မှာ မျက်နှာစုံညီ မဲပေးမှုအပြီး ဥရောပပါလီမန် ဥက္ကဌဖြစ်သူ အန်တိုနီယိုတာဂျာနီက ပြောပါတယ်။

“ဒီလုပ်ဆောင်ချက်ဟာ အီးယူအဖွဲ့အစည််းတွေအတွင်းမှာ ဥရောပပါလီမန်က ဦးဆုံးအဖြစ် လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။”လို့ ၎င်းက ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေနဲ့ အဆင့်မြင့်ကိုယ်စားပြုသူတွေကို ညီညွတ်မှုနဲ့ ခိုင်မာမှုကို ပြသပြီး အလားတူလိုက်ပါ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။”လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

ဥရောပပါလီမန်ရဲ့ ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဂွါဒိုက လူမှုမီဒီယာကနေ ချက်ချင်းပဲ ရေးသားဖော်ပြခဲ့ပါတယ်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required