ခြေဥပြင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် အရေးကြီးအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်စာပို့

ခြေဥပြင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် အရေးကြီးအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်စာပို့

နေပြည်တော်၊ ဇန်နဝါရီ ၃၁ ။           ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်မျာနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်နာယကထံ ကန့်ကွက်စာ ပေးပို့ထားသည်ဟု  တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်းမှာ တင်သွင်းခဲ့သည့် ယင်းအဆိုသည် လုပ်ထုံးလုပ်နည်းများနှင့် မညီသည့်အတွက် ကန့်ကွက်ကြောင်းစာကို နာယကထံပေးပို့ထားခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင်အနေနဲ့ ကန့်ကွက်စာတင်တာပါ”ဟု ၄င်းက ဇန်နဝါရီလ ၃၁ ရက် ပြည်သူ့လွှတ်တေ်ာအစည်းအဝေးပြီးဆုံးချိန်တွင် မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခင် လွှတ်တော်သက်တမ်းတွင်းက ယခုကဲ့သို့ ပြင်ဆင်ရေးကို ပထမဆုံး သွားရှိခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို စဖွဲ့ပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယင်းပြင်ဆင်နိုင်ရေးကော်မတီတွင် ဥပဒေမူကြမ်းအဖြစ် ရေးဆွဲတင်ပြရမည်ဟု ၄င်းကပြောကြားသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီးတော့ အခန်း (၁၂)မှာပါတဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေတွေမှာ ပါပြီးသားပဲ ။ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကနေပြီးမှ၊ လက်မှတ်ထိုးပြီးတော့မှ ဥပဒေမူကြမ်း ဖြစ်မယ်။ ဒါကို ဆွေးနွေးမယ် ။ ဒါကို အကြိမ်ကြိမ်ပြောပြီးသား ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ထုုိ့ပြင် လက်ရှိလွှတ်တော်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အများစုရှိသည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရမည့်ပုံစံမျိုးကို လုပ်လာသည့်အတွက် ဒီမိုကရေစီမဆန်သည့် သဘောများကို တွေ့လာရကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“ ဒီမိုကရေစီမဆန်တာ။ ကျွန်တော်တို့က ပြောရင်တော့ ဒီမိုကရေစီ  ၊ ဒီမိုကရေစီပဲ ။ ဒါပေမယ့်လည်း ကျွန်တော်တို့ အခုလုပ်နေတာတွေက ဒီမိုကရေစီသဘော မဆန်ဘူး။အဲ့လိုတွေ တွေ့နေရတယ် ။ အခုကျွန်တေ်ာတို့တွေ တင်ပြတယ်။ တင်ပြလို်က်တဲ့ဟာကို လုံးဝ ချက်ချင်းပဲ ပယ်ဖျက်ပလိုက်တယ်။ ဆက်ပြီးတော့ ကျွန်တေ်ာတို့ မဲမခွဲပါနဲ့။ မဲခွဲရမယ့်ကိစ္စ မဟုတ်ပါဘူး ပြောတယ်။ ဒါပေမယ့် မဲခွဲပြီးတော့ ဆုံးဖြတ်လိုက်တယ်”ဟု ၄င်းကပြောကြားသည်။

အထက်ပါ အရေးကြီးအဆိုကို ဇန်နဝါရီလ ၃၁ ရက် နေ့လယ် တစ်နာရီတွင် ဝင်ရောက်ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် နောက်ဆုံးစာရင်းပေးသွင်းရမည်ဖြစ်သော်လည်း တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် ဝင်ရောက်ဆွေးနွေးရန် ရှိ၊ မရှိကို ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်ထိ မဆုံးဖြတ်ရသေးကြောင်းဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly