ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မူဝါဒ သဘောထား

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၉ ။         ။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားရပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား -

တိုင်းရင်းသားပြည်သူအပေါင်းတို့အားလုံး မင်္ဂလာပါလို့ ရိုသေစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ဆက်သအပ်ပါတယ်။

ကျွန်တော်ကတော့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးငိုင်ဆာ့ခ်ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ချင်းဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့မူဝါဒ သဘောထားရှေ့လုပ်ငန်းစဉ်များကို တင်ပြသွားမှာဖြစ်ပါတယ်။

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ချင်းလူမျိုးတို့ဟာ နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်မကျရောက်မီကကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး မိမိတို့နယ်မြေဒေသကို လွတ်လပ်ငြိမ်းချမ်းစွာစီမံအုပ်ချုပ်ခဲ့ကြတဲ့ လူမျိုးဖြစ်ပါတယ်။ နယ်ချဲ့အင်္ဂလိပ် လက်အောက်ကိုကျရောက်တဲ့အခါမှာ ချင်းတောင်တန်းဒေသဥပဒေ (The Chin Hill Regulations -1896) ပြဋ္ဌာန်း၍ ချင်းတောင်တန်းဒေသကို အုပ်ချုပ်ခဲ့ပါတယ်။

အောင်ဆန်းအက်တလီစာချုပ်အရ တောင်တန်းဒေသမှာ နေထိုင်ကြတဲ့ကချင်၊ ချင်း၊ ရှမ်းစတဲ့တိုင်းရင်းသားလူမျိုးများဟာ ဗမာတိုင်းရင်းသားများနဲ့အတူ လွတ်လပ်ရေးယူသင့်မယူသင့် ကိစ္စပေါ်ပေါက်လာ ခဲ့ပါတယ်။ ဖဆပလခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ကိုယ်စားလှယ်များနဲ့ ချင်း၊ ကချင်၊ ရှမ်းခေါင်းဆောင်များဟာ အပြန်အလှန်ဆွေးနွေးခဲ့ကြ ပြီးပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်း တည်ဆောက်ရေးအတွက် (၁၂-၂-၁၉၄၇)ရက်နေ့မှာ ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ယနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံလို့ခေါ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ ချင်း၊ ကချင်၊ ရှမ်းနှင့်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ဗမာအစိုးရကိုယ်စားလှယ်တို့က လက်မှတ်ရေးထိုးတဲ့ ပင်လုံစာချုပ် ကနေ မွေးဖွားသန့်စင်ပေးလိုက်တာဖြစ်ပါတယ်။

သမိုင်းဝင်ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ချင်းတိုင်းရင်းသား တို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ပူးတွဲတည်ထောင်သူ များဖြစ်တဲ့အတိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တည်တံ့ခိုင် မြဲရေးအတွက် အဓိကတာဝန်ရှိတဲ့လူမျိုးတစ်မျိုးဖြစ်တဲ့အကြောင်း ဖော်ပြလိုပါတယ်။

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

တိုင်းရင်းသားလူမျိုးခေါင်းဆောင်များက မျှော်မှန်းကြတဲ့ ပင်လုံစာချုပ်ပါအနှစ်သာရများကို ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာလည်းကောင်း၊ ၁၉၇၄ ခုနှစ်ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်ကောင်း ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လည်ကောင်း ထည့်သွင်းပြဋ္ဌာန်းခြင်း မရှိသေး တာတွေ့ရပါတယ်။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပြည်တွင်းစစ်ဟာ ပင်လုံစာချုပ်မှာ မျှော်မှန်းထားခဲ့ကြတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ်မဖော်ဆောင်နိုင်ခြင်း၊ တိုင်းရင်းသားလူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိခြင်း၊တိုင်းရင်းသားလူနည်းစုတို့အား လွမ်းမိုးအနိုင်ယူမှုမှ ကာကွယ်ထားတဲ့အာမခံချက်မရှိခြင်းတို့ကြောင့် (၆၇) နှစ်ကြာမြင့်ခဲ့ပြီဖြစ် ပါတယ်။

ဒါကြောင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားလူမျိုးများတန်းတူညီမျှမှု ရှိတဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ တိုင်းရင်းသားလူမျိုးစုအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဟာ မရှိမဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လိုအပ်ချက်ဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်မတည် ဆောက်နိုင်သေးသရွေ့ပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်မည်မဟုတ်ဘဲ တိုင်းရင်း သားလူမျိုးစုများလက် ဝယ်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရှိသေးသရွေ့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိနိုင်ဆိုတဲ့ အချက်နှစ်ချက်ကို သမိုင်းသင်ခန်းစာရရှိခဲ့ပြီး ဖြစ်ပါတယ်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့တဲ့ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိရေးကို မူဝါဒအဖြစ်ချမှတ်လျက် ပါတီကို ထူထောင်ဖွဲ့စည်ခဲ့ပါတယ်။ ဒါ့အပြင်ချင်းလူမျိုးများဟာ ချင်းပြည်နယ်မှာသာမက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနှံအပြားမှာ ပြန့်ကျဲနေထိုင် ကြတဲ့အတွက် ချင်းတစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး ချင်းတစ်မျိုးသားလုံးအတွက် ရပ်တည်ဆောင်ရွက်နိုင်ဖို့ ၊ ဥပဒေအရ ရပိုင်ခွင့်များကို အပြည့်အဝရရှိနိုင်ဖို့ ပြည်ထောင်စုဝင်အခြား တိုင်းရင်းသားများနဲ့ အတူ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် လက်တွဲဆောင်ရွက်နိုင်ဖို့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒရည်မှန်းချက်များကို အကောင်ထည်ဖော်တဲ့အခါမှာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ရဲရင့်သတ္တိရှိဖို့လိုအပ်တဲ့အတွက် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီအလံသုံးပုံတစ်ပုံ ကိုအနီရောင်၊ ချင်းပြည်နယ်နှင့်တကွ ပြည်ထောင်စုတည်ဆောက်ရေးဆောင်ရွက်တဲ့အခါ ငြိမ်းချမ်းခြင်း၊ ရိုးသားခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း လိုအပ်တဲ့အတွက် ပါတီရဲ့အလံသုံးပုံနှစ်ပုံကို အပြာရောင်၊ သဘောထားဖြောင့်မှန်ခြင်း၊ စင်ကြယ်ခြင်းလိုအပ်တဲ့အတွက် ချင်းအမျိုးသားရေးအတွက် ချင်းအမျိုးသား တစ်ရပ်လုံး တစ်လုံးတစ်ဝဖြစ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ကြယ်ဖြူတစ်လုံးနဲ့ ပါတီရဲ့အလံကို ဖော်ဆောင်ထားပါတယ်။

ဒါ့အပြင် ပါတီရဲ့အမှတ်တံဆိပ်ကို ပါတီရဲ့အလံနောက်ခံအရောင်ပေါ်မှာအနီရောင်တောင်ဇလပ်ပန်းသုံးပွင့်နဲ့ အောက်ချင်းငှက်အဖိုအမနှစ်ကောင် ယှဉ်တွဲကာ ရှေ့သို့မျက်နှာမူလျက် ထိပ်မှာ ( Chin League For Democracy Party)လို့ဖော်ပြထားပြီး အောက်ခြေမှာ ပါတီထူထောင်တဲ့ခုနှစ် ၂၀၁၄လို့ဖော်ပြထားပါတယ်။ အဓိပ္ပာယ်ကတော့တံဆိပ်ရဲ့အောက်ခံအရောင်ဟာပါတီရဲ့အလံအရောင်ကို ကိုယ်စားပြုပြီး တောင်ဇလပ်ပန်းသုံးပွင့်ဟာ ချင်း တောင်တန်းမှာ ရှင်သန်ပွင့်လန်းတဲ့ပန်းကို ကိုယ်စားပြုပါတယ်။ တောင်ဇလပ်ပန်းသုံးပွင့်ကတော့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းကို ရည်ညွှန်းပါတယ်။ အောက်ချင်းငှက်မောင်နှံက ချင်းအမျိုးသားတို့ရဲ့သစ္စာတရားကို ကိုယ်စားပြုပြီး ကျား၊ မ၊ အမျိုးသား၊ အမျိုးသမီး၊ တန်းတူရည်တူယှဉ်တွဲလျက် ချင်းအမျိုးသားရေးနှင့် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် သစ္စာရှိရှိကြိုးပမ်းဆောင်ရွက်မည် ဆိုတဲ့အဓိပ္ပာယ်ကို ဆောင်ပါတယ်။

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ပါတီရဲ့မူဝါဒ ရည်မှန်းချက်များကို ဆက်လက်ရှင်းပြလိုပါတယ်။

(၁) စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်နဲ့အတူ တိုင်းရင်းသားလူမျိုးများတန်းတူညီမျှမှုရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး။

ချင်းလူမျိုးများအတွက် စစ်မှန်သောဒီမိုကရေစီစနစ်ရရှိရုံနဲ့မလုံလောက်သေးပါဘူး။ ပင်လုံစာချုပ်နဲ့ပင်လုံကတိကဝတ်များအရ ကချင်၊ ကယား၊ ကရင်၊ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့လူမျိုးများတန်းတူညီမျှတဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်မှသာလျှင် ချင်းလူမျိုးများအပါအဝင် တိုင်းရင်း သားလူမျိုးအားလုံးအနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမှာတန်းတူတဲ့ လုပ်ပိုင်ခွင့်ရရှိကြမှာဖြစ် ပါတယ်။ တန်းတူညီမျှဖို့အတွက် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တဲ့ ဗမာလူမျိုးဟာလည်း တိုင်း(၇)တိုင်းအဖြစ်ဖွဲ့စည်းတည်ဆောက်ရမည့်အစား ပြည်နယ်တစ်ပြည်နယ်အဖြစ် ဖွဲ့စည်းတည်ဆောက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင်ချင်းမျိုးနွယ်စုများအကြားမှာလည်း မျိုးနွယ်စုကြီးက မျိုးနွယ်စု ငယ်များကို လွှမ်းမိုးအသားစီးရယူမှုမရှိစေဖို့ တန်းတူ ညီမျှမှုကိုအဓိကဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရာမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မလွဲမသွေထည့်သွင်းဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုထည့်သွင်းရေးဆွဲနိုင်ဖို့ ချင်းအမျိုးသားအသိပညာရှင်၊ အတတ်ပညာရှင် များ၊ ပြည်ထောင်စုအဆင့်လွှတ်တော်မှာ ချင်းလူမျိုးဥပဒေပညာရှင်များအပါအဝင် တိုင်းရင်းသားလူမျိုးပညာရှင်များ ပါဝင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ချင်းလူမျိုးများအနေနဲ့လမ်းဖောက်ပေးမည်၊ တံတားဆောက်ပေးမည်၊ ကျောင်းဆောက်ပေးမည်ဆိုတဲ့ကတိကဝတ်များကို မျှော်ကိုးခြင်းထက် တစ်ချိန်တည်းမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး ကိုဦးစားပေးကြိုးပမ်းဆောင်ရွက် ရမှာဖြစ်ပါတယ်။ တံတားဆောက်ခြင်း၊ လမ်းဖောက်ခြင်းအလုပ်ဟာ အစိုးရရဲ့မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်ဖြစ်ပြီး ဘယ်အစိုးရတက်တက် မလွဲမသွေလုပ်ရမည့်အလုပ်ဖြစ်တဲ့ အတွက်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကသာ တိုင်းရင်းသားအားလုံးအတွက် ပိုပြီးအရေးကြီးပါကြောင်း တင်ပြအပ်ပါတယ်။

(၂) တိုင်းရင်းသားလူမျိုးများအားလုံးနှင့်တူ ချင်းလူမျိုးတို့အနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် မိမိတို့ကံကြမ္မာကို လွတ်လပ်စွာဖန်တီးခွင့်ရရှိရေး။

အင်္ဂလိပ်လက်အောက်မကျရောက်မီ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့်ရှိတဲ့ချင်းလူမျိုးတို့ဟာ အင်္ဂလိပ်လက်အောက်ကျရောက်တဲ့အခါ ဒေသခံ၊ နယ်ခံအကြီးအကဲများခန့်အပ်ပြီး ဒေသဓလေ့ထုံးတမ်းများအရ အုပ်ချုပ်ခဲ့ပါတယ်။(၁၂-၂-၁၉၄၇) ရက်နေ့မှာ ချုပ်ဆိုတဲ့ပင်လုံစာချုပ်အရ ပြည်ထောင်စုမြန်မာနိုင်ငံမှာ လူမျိုးတစ်မျိုးအဖြစ်ပါဝင်လာတဲ့အခါ ချင်းတောင်တန်းဒေသကို ပြည်နယ်မပေးဘဲ ချင်းဝိသေသတိုင်းအဆင့်ကို သာပေးအပ်ခဲ့တဲ့အတွက် ချင်းလူမျိုး တို့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ပိုင်ခွင့်များဆုံးရံှုးခဲ့ရပါတယ်။ ဒီလိုလက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ကံကြမ္မာကိုယ်ဖန်းတီးခွင့်ကို ပြန်လည် ရရှိရေးအတွက် ချင်းအမျိုးသားတစ်ရပ်လုံး ဥပဒေဘောင်အတွင်းကကြိုးပမ်းကြရာမှာ ဖြစ်ပါတယ်။ မိမိတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပါက တံတားဆောက်ခြင်း၊ လမ်းဖောက်ခြင်း၊ ဆေးရုံ၊ ဆေးခန်းနှင့်လျှပ်စစ်မီးရရှိရေးတို့ကို လိုအပ်တဲ့နေရာမှာ မိမိတို့ ကိုယ်တိုင်စိတ်ကြိုက်စီမံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

(၃) ပြည်ထာင်စုတည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးတို့တွင် တန်းတူညီမျှသောအခွင့်အလမ်းများရရှိရေးနှင့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး။

မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ဟာ(၆၇)နှစ်ကြာမြင့်ပြီဖြစ်တယ်။ ပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းအရင်းကို ဆန်းစစ်လျှင် လူမျိုးကြီးဖြစ်တဲ့ ဗမာလူမျိုးများ က လူနည်းစုတိုင်းရင်းသား လူမျိုးများအပေါ် လွှမ်းမိုးခြယ်လှယ်တယ်လို့ ခံစားကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ပင်လုံစာချုပ်အတိုင်းမဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာမှာ ပြည်ထောင်စုစနစ်(ဖက်ဒရယ်စနစ်)မဟုတ်ဘဲ ဖွဲ့စည်း ပြည်ထောင်စနစ်နဲ့ရေးဆွဲကာ နိုင်ငံတော်ကိုတည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ချင်းလူမျိုးအပါဝင် တိုင်းရင်းသားလူနည်းစုများဟာ နိုင်ငံရေးလုပ်ပိုင်ခွင့်ဆုံးရံှုးခဲ့ရုံမက စီးပွားရေး၊ လူမှုရေးမှာလည်း တန်းတူညီမျှမှု မရှိတာ ကြုံတွေ့ခံစားခဲ့ကြရပါတယ်။ ချင်းပြည်နယ်ဟာ ဆင်းရဲမွဲတေမှုအကြီးဆုံးဒေသဖြစ်နေတာဟာ ခေတ်အဆက်ဆက် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးကို မဆောင်ရွက်နိုင်ခဲ့လို့ဖြစ်ပါတယ်။ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ချင်းတိုင်းရင်းသားတို့အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့မှာလုပ်ပိုင်ခွင့် အပြည့်အဝရရှိရေးကို ဆောင်ရွက်ဖို့လိုအပ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။

ဒါ့ကြောင့်စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှတဲ့တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခြင်း ကသာ ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေးကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

(၄) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က လက်မှတ်ထိုးအတည်ပြုပြီးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးနှင့်ရပိုင်ခွင်များကို ချင်းလူမျိုးအားလုံး အပါအဝင် နိုင်ငံသားတိုင်းအပြည့် အဝခံစားရရှိနိုင်ရေး။

မြန်မာနိုင်ငံဟာ စီဒေါ(CEDAW) နဲ့ စီအာရ်စီ(CRC) စာချုပ်များကို လက်မှတ်ရေးထိုးတဲ့ နိုင်ငံရေးဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကိုလည်း လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့်ကလေးသူငယ်များ အခွင့်အရေးအပြည့်အဝရရှိနိုင်ရေး၊ အမျိုးသမီးများအကြမ်းဖက်ခံရမှုမှ ကင်းဝေးရေး၊ကျား/မတန်းတူညီမျှရေး၊ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ လူနည်းစုအခွင့်အရေး အပြည့်အဝရရှိရေးအတွက်အာမခံချက်ရရှိရေးဟာ အထူးအရေးကြီးပါတယ်။ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကို CRC နှင့်အညီ ပြင်ဆင်ဖို့လိုအပ်သလို ပြစ်မှု ပြစ်ဒဏ်ကိုလည်း တိုးမြှင့်ပြီးရဲအရေးပိုင်မှု

အဖြစ် ပြင်ဆင်ဖို့လိုအပ်ပါတယ်။ ကလေးသူငယ်အပေါ် ကျုးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ မဓမ္မပြုကျင့်စော်ကားမှုများအတွက် ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ အနည်းဆုံးပြစ်ဒဏ်သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့တခြား လူစုဖွဲ့ပြီး ရမ်းကားမှုတိုးပွားလာခြင်း၊ အမျိုးသမီးများအပေါ်အဓမ္မပြုကျင့်မှုတိုးပွားလာခြင်းကို ဟန့်တားဖို့အတွက် သက်ဆိုင်တဲ့ဥပဒေများကို ပြင်ဆင်ပြီး ထိရောက်ဟန့်တား တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အထက်ပါ

အခွင့်အရေးများကို ချင်းလူမျိုးအပါဝင် တိုင်းရင်းသားအားလုံးက အပြည့်အဝခံစားနိုင်ရေးကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။

(၅) တိုင်းရင်းသားလူနည်းစုများနဲ့ ချင်းတိုင်းရင်းသားတို့ရဲ့ အခွင့်အရေးကို ထိခိုက်နစ်နာမှုမရှိစေရန် လုံလောက်သော အကာအကွယ်ရရှိရေး။

၁၉၄၇ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရ လည်းကောင်း၊  ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်ကောင်း ၊ လက်ရှိကျင့်သုံးနေတဲ့အဝင် တိုင်းရင်းသားလူနည်းစုများဟာ ဥပဒေအရ လုံလောက်တဲ့အကာအကွယ်မရှိခဲ့ပါ။

(၆) ချင်းပြည်နယ်ပြင်ပ၌ ပြန့်ကျဲနေထိုင်ကြတဲ့ ချင်းလူမျိုးများအနေနဲ့ဥပဒေအရ ရပိုင်ခွင့်များအပြည့်အဝရရှိနိုင်ရေး။

ချင်းလူမျိုးများဟာ ချင်းပြည်နယ်မှာသာမက ပြည်နယ်ပြင်ပဖြစ်တဲ့ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ပျံ့နှံ့နေထိုင်လျက်ရှိကြပါတယ်။ အခြားနိုင်ငံများ မှာလည်း ကမ္ဘာ့အနှံ့ပြန့်ကျဲနေထိုင်လျက်ရှိကြပါတယ်။ ချင်းပါတီနိုင်ငံရေးခေါင်းဆောင်များအနေနဲ့ ချင်းလူမျိုးတစ်ဦးချင်းရဲ့ ဥပဒေအရ ရပိုင်ခွင့်များအပြည့်အဝရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေး ရမှာဖြစ်ပါ တယ်။ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးကဏ္ဍအသီးသီးမှာ ချင်းလူမျိုးတို့နေထိုင်တဲ့ နေရာဒေသမှာရှိတဲ့နိုင်ငံ သားများနည်းတူ အခွင့်အရေးတန်းတူညီတူရရှိရေးဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

လူနည်းစုဖြစ်တဲ့အတွက် လွှမ်းမိုခြယ်လှယ်ခြင်းမခံရစေရန် လုံ လောက်တဲ့အကာအကွယ်ရရှိရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်းနိုင်ရန် ညှိနှိုင်းပါက ချင်းလူမျိုးရေးရာဝန်ကြီးများရရှိရေးနဲ့ ချင်းလူမျိုးများအတွက် နစ်နာမှုမရှိဖို့  ကြိုတင်ကာကွယ်မှု၊ နစ်နာမှုအတွက် ကုစားမှုများဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

(၇) ချင်းအမျိုးသားရေးတွင် ချင်းအမျိုးသားတစ်ရပ်လုံး တစ်လုံးတစ်ဝတည်းဖြင့် လက်တွဲဆောင်ရွက်နိုင်ရေး။

ကြီးမားတဲ့ရည်မှန်းချက်၊ ကြီးမားတဲ့လုပ်ငန်းကြီးများကို ညီညွတ်မှုအားနဲ့သာ ရယူနိုင်မှာဖြစ်တယ်။ ချင်းပြည်နယ်ရဲ့လူဦးရေဟာ (၄) သိန်းကျော်မျှသာရှိပါတယ်။ ပြည်နယ်ပြင်ပလူဦးရေပေါင်းလျှင်ပင် လူဦးရေတစ်သန်းမပြည့်တဲ့အခြေနေမှာ ကွဲပြားမှုကိုဖြစ်စေတဲ့လုပ်ရပ်မျိုးကို ရှောင်ကြဉ်လျက်ချင်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးနဲ့ တစ်လုံးတစ်ဝတည်းဖြစ်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ကိစ္စတစ်ခုစီတိုင်းမှာ ချင်းလူမျိုးနွယ်စုအားလုံးတို့ဟာ အမြင်ချင်း၊ ခံယူချက်ခြင်းတူညီကြမည် မဟုတ်သော်လည်းကွဲပြားခြားနားတဲ့အတွေးအမြင် ယုံကြည်ချက်တို့ကိုစုစည်းပြီး အပြန်အလှန် ညှိနှိုင်းလျက် နားလည်မှုနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ကိစ္စရပ်တိုင်းမှာ ချင်းအမျိုးသားတစ်ရပ်လုံးတစ်လုံးတစ်ဝတည်းဖြစ်ရေးဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်တဲ့အတွက် သာမန်ကိစ္စရပ်များမှာ ၅၀ ရာခိုင်နှုန်းကျော်ရဲ့ထောက်ခံ သဘောတူညီမှု၊ အထူး အရေးကြီးသောကိစ္စရပ်များမှာ သုံးပုံနှစ်ပုံကျော်သို့မဟုတ် လေးပုံသုံးပုံကျော်ရဲ့ သဘောတူညီမှုနဲ့ စည်းလုံညီညွတ်မှုကို တည်ဆောက်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ချင်းအဖွဲ့ချုပ်အနေနဲ့ ချင်းအမျိုးသားကိစ္စနှင့်စပ်လျဉ်းပြီး အရေးကြုံလာပါက ချင်းတစ်မျိုးသားလုံးအနေနဲ့ တစ်လုံးတစ်၀ ဖြစ်ရေးဟာ အလွန်အရေးကြီးပါတယ်။ပါတီတစ်ခု၊ အဖွဲ့စည်းတစ်ခုနဲ့ တစ်ခုတို့ရဲ့ ကွဲပြားခြားနားမှုများကိုမိမိတို့ပါတီအဖွဲ့ အစည်းထက် ချင်းအမျိုးသားသားတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ဦးစားပေးဖို့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်က အလေးအနက်ခံယူထားပါတယ်။

ဒါကြောင့် ချင်းအဖွဲ့ချုပ်အနေနဲ့  ချင်းအမျိုးသားများရဲ့စည်းလုံးညီညွတ်ရေးအတွက် ဘယ်အခြေအနေမျိုးမှာမဆို လက်မြှောက်အရှုံးပေးမည် မဟုတ်ပါကြောင်း တင်ပြအပ်ပါတယ်။

ဒီရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုင်းရင်းသားလူမျိုးများစည်းလုံးညွတ်ရေးကို အစဉ်ရှေးရှုပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူဝါဒရည်မှန်းချက်တူညီတဲ့ ချင်းနိုင်ငံရေးပါတီများ၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် တိုင်းရင်းသားလူမျိုးများအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်တဲ့အခြားနိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်တကွ လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

တိုင်းရင်းသားပြည်သူအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျား။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

 ၁။  ပါတီအမည်  -  ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
 ၂။  ပါတီအမည်(English)  -  Arakan National Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၁.၄.၂၀၁၄
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးငိုင်ဆော့ခ် ပါ ၂၀ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးငိုင်ဆော့ခ်၊ ဆလိုင်းဝုမ်ဇပြောင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၆.၆.၂၀၁၄
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၆.၆.၂၀၁၄
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၅.၇.၂၀၁၄
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၇၅)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၀၉၇) ၊ပြည်ထောင်စုလမ်းမ၊ (၄၅)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၅၁၆၀၇၈၄၊၀၉၈၆၁၈၉၆(ဦးငိုင်ဆော့ခ်)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly