ဒေါသတွေကို ဖောက်ခွဲပစ်နိုင်တဲ့ ဖျက်ဆီးခြင်းအခန်း ဝန်ဆောင်မှု

ဒေါသတွေကို ဖောက်ခွဲပစ်နိုင်တဲ့ ဖျက်ဆီးခြင်းအခန်း ဝန်ဆောင်မှု
Photos: EPA

ပေကျင်း၊ ဇန်နဝါရီ ၃၁ ။          ။ သင့်အနေနဲ့ ပေကျင်းမှာ ရှိနေတယ်ဆိုရင်တော့ သင့်ရဲ့ ဒေါသစိတ်ကို ကြာကြာမြိုသပ်ဖို့ လိုချင်မှ လိုပါလိမ့်မယ်။

ဒေါသအခန်းထဲမှာ နာရီဝက်လောက် သွားနေကြည့်လိုက်ပါ။ ဒီအခန်းထဲ ဘေ့စ်ဘောရိုက်တံနဲ့ ရှိသမျှ ပစ္စည်းတွေကို ရိုက်ခွဲရင်း ဒေါသစိတ်ကို ဖောက်ခွဲပွင့်အန်ပစ်လိုက်နိုင်ပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုဟာ ဒေါသအခန်းဝန်ဆောင်မှုကို မြို့နေပြည်သူတွေအတွက် ဝန်ဆောင်မှု ပေးထားပါတယ်။

စိတ်ဖိစီးမှုတွေ ပြေလျော့ရေးအတွက် အခန်းနေရာတွေကို ဝန်ဆောင်မှု ပေးထားတာပါ။ ဒီအခန်းတွေမှာ စိတ်ကြိုက်ထုခွဲပစ်နိုင်ဖို့ တီဗီတွေ၊ တယ်လီဖုန်းတွေအပြင် လူပုံတုအရုပ်တွေကို ထားထားပေးပါတယ်။

ဘက်တံတွေ၊ ဘေ့စ်ဘောရိုက်တံတွေ၊ သတ္ထုချောင်းတွေနဲ့ တူတွေကို စိတ်ကြိုက်ရွေးပြီး စိတ်တိုင်းကျ ဖျက်ဆီရိုက်ခွဲပစ်နိုင်တဲ့ ဝန်ဆောင်မှုပါပဲ။

လူသိများတဲ့ အနုပညာဧရိယာ ၇၉၈ မှာ ဖျက်ဆီးခြင်းအခန်းလို့လည်း ခေါ်တဲ့ ဒီဒေါသဖောက်ခွဲရာ အခန်းတွေ ရှိပါတယ်။

Smash (ရိုက်ခွဲခြင်း)ဆိုတဲ့ လုပ်ငန်းဌာနက ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ဒီဝန်ဆောင်မှုကို စတင်ဝန််ဆောင်ပေးနေတာပါ။

စိတ်ဖိစီးမှုတွေကို ချေဖျက်တဲ့ သမရိုးကျကနေ ခွဲထွက်တဲ့ ကုထုံးတစ်ရပ်အနေနဲ့ စိတ်ဖိစီးမှု ဖြစ်နေတဲ့ သူတွေကို Smash ကနေ ဝန်ဆောင်မှု ပေးနေတာပဲ ဖြစ်ပါတယ်။ 

ဒီ ဒေါသအခန်းတွေဟာ တရုတ်နိုင်ငံမှာပဲ ရှိနေတာဖြစ်ပြီး တစ်လမှာ လူပေါင်း ၆၀၀ လောက် ဒေါသဖျက်ဆီးခြင်းအခန်းတွေဆီ လာရောက်နေကြတယ်လို့ သိရပါတယ်။

ပေကျင်းမြို့နေတွေဟာ အလွန်ပဲ စိတ်ဖိစီးမှု ဖြစ်နေကြတယ်လို့ Smash ကို ပူးတွဲတည်ထောင်တဲ့ ကျင်းမန်က ပြောပါတယ်။

ဒီလို စိတ်ဖိစီးမှု ဖြစ်နေတဲ့ မြို့နေပြည်သူတွေအတွက် သူတို့ရဲ့ ကြိတ်မနိုင်ခဲမရ ဒေါသစိတ်တွေကို အိမ်တွင်းပစ္စည်းကို ရိုက်ခွဲဖျက်ဆီးပစ်ခြင်းကနေ စိတ်ထွက်ပေါက်ပေးနေတာပါလို့ ၎င်းက ပြောပါတယ်။

ဒါပေမယ့် ဒီလို စိတ်ထွက်ပေါက်ရအောင် ဖြေလျှော့ဖို့အတွက်တော့ နာရီဝက်စာ အချိန်အတွက် ယွမ် ၂၀၀(အမေရိကန်ဒေါ်လာ ၃၀) နီးပါး ပေးရမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်နဲ့ ၃၀ ကြား လာရောက်ကြတဲ့သူတွေဟာ သူတို့ ဖျက်ဆီးရိုက်ချိုးလိုတဲ့ ပစ္စည်းတွေအပေါ်မူတည်ပြီး ပေးဆောင်ရတဲ့ စျေးနှုန်း ကွာဟမှု ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required