ခြေဥ ပြင်ရန်လုပ်ဆောင်သည့်အခါ လွယ်သည့်အချက်များကို စတင်ပြင်သင့်ဟုဆို

ခြေဥ ပြင်ရန်လုပ်ဆောင်သည့်အခါ လွယ်သည့်အချက်များကို စတင်ပြင်သင့်ဟုဆို

နေပြည်တော်၊ ဇန်နဝါရီ ၃၀ ။       ။  ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အချို့ကို ပြင်ရန်လုပ်ဆောင်သည့်အခါ လွယ်သည့်အချက်များကို စတင်ကာ ပြင်သင့်ကြောင်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးခင်အောင်မြင့်က ပြောသည်။

အခြေခံဥပဒေတွင် ပုဒ်မပေါင်း ၄၀၀ ကျော် ပါရှိပြီး အချက် ၉၀ ခန့် သည် ပြည်သူ့ဆန္ဒခံယူပွဲများ လုပ်ဆောင်ရမည် ဖြစ်ပြီး ကျန်သည့်အချက်များကို အတည်ပြုရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ သဘောတူညီချက် ရရှိလျှင် ရသည်ဟု ၄င်းက ဆက်လက်ပြောသည်။

“ဆိုတော့ အဲ့ဒီ အချက်တွေက လွယ်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောထားတာ ရှိတယ်။ လွယ်တဲ့ အချက်က စပြင်တာပေါ့လို့။ လူထုဆန္ဒ ခံယူတာကြတော့ အချိန်လည်း ကုန်တယ်။ ငွေလည်း ကုန်တယ်။ လုပ်သင့်တဲ့ကိစ္စတော့ လုပ်ရမှာပေ့ါ။ သာမန်ကိစ္စရော၊ လူထုဆန္ဒခံယူပွဲကိစ္စရော ခဏဆိုင်းထား ။ ဒီလွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်း ကျော်ရဖို့ ကြိုးစားလို့ ရှိရင်တော့ ပြီးသွားမှာပါ။ တပ်မတော်ကလည်း မပြင်ရဘူးလို့ ပြောတာ မဟုတ်ဘူး။ ပြင်မယ်။ ပြင်ဖို့လည်း သူတို့ သဘောတူမယ်လို့ ပြောထားပြီးပြီလေ။ သူတို့ သဘောတူတဲ့ အချက်တွေ ပြင်ရမှာပေါ့”ဟု ဦးခင်အောင်မြင့်က ပြောသည်။

ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၄င်းကပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစဉ်အမြဲ သုံးသပ်နေရမည်ဖြစ်ကာ ထိုသို့လုပ်ဆောင်ရာတွင်လည်း ပညာရှင်များ၊ တိုင်းရင်းသားများပါ ပါဝင်သင့်ပြီး နိုင်ငံ၏ သမိုင်းကြောင်းနှင့် ပကတိ အခြေအနေမှန်ကို သိရန် လိုအပ်ကြောင်း၄င်းက ဆက်လက်ပြောသည်။

အခြေခံဥပဒေအားပြင်ဆင်ရန်လိုသည့်အချက်များတွင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကို ပြည်နယ် နှင့်တိုင်းများမှ လုပ်ပိုင်ခွင့်ရရှိရန် လိုအပ်ကြောင်း ဦးခင်အောင်မြင့်က ထည့်သွင်းပြောဆိုခဲ့သည်။

“ အဓိက အရေးကြီးတဲ့ ကျန်းမာရေးနှင့် ပညာရေး ကို သူ့တို့ဟာသူတို့ လုပ်ပိုင်ခွင့် သဘော ရှိရမှာပေါ့။ တတ်နိုင်သမျှလုပ်မှ ဖွံ့ဖြိုးလာမှ တိုင်းဒေသကြီး ပြည်နယ် အခြေအနေက ကောင်းမှာပါ။ တောထဲ တောင်ထဲမှာ ရောက်နေတဲ့ တိုင်းရင်းသားလူနည်းစုတွေဟာ ကျန်းမာရေးအခွင့်ရေးတို့ ၊ ပညာရေး အခွင့်အရေးတို့ တော်တော် ဆုံးရှုံးပါတယ်။ နိုင်ငံသားတိုင်းက စွမ်းရည်မြင့်မားတဲ့ လူသားအရင်းအမြစ်ရှိမှ တိုင်းပြည် တိုးတက်မှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကို ဘယ်အချက်တွေ ပြင်သင့်တယ်ဆိုက အားလုံး ဝိုင်းစဉ်းစားရမှာပေါ့။ နောက် ဘယ်လောက် အတိုင်းအတာအထိ ပြင်သင့်လဲ ဆိုတာကို အားလုံး ဝိုင်းစဉ်းစားရမှာ ဖြစ်ပါတယ်” ဟု ဦးခင်အောင်မြင့်က ဆိုသည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုမှ အများဆုံး စီမံခန့်ခွဲနေပြီး ပြည်နယ် နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို ဗဟိုမှ ခန့်အပ်သော ပုဒ်မ(၂၆၁) ကဲ့သို့ ပုဒ်မမျိုးကို ပြင်ရန် တိုင်းရင်းသားများက ဆန္ဒရှိနေကြသည်။

ယင်းအပြင် အခြေခံဥပဒေမှ သတ်မှတ်ပေးထားသာ အခွန်အခကောက်ခံပိုင်ခွင့် နောက်ဆက်တွဲဇယား(၁) ၊ (၂) ၊(၅) တို့ကို ပြင်ဆင်သင့်ပြီး လက်ရှိခွဲဝေထားမှုတွင် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့မှ အခွန်ကောက်ခံမှုသည် များစွာအားနည်းနေသည်ဟု ပညာရှင်များက ထောက်ပြထားသည်။

ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဂူက ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်နှင့် အာဏာကို ချုပ်ကိုင်ထားသည့် ဥပဒေမျိုးမှ ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်နှင့် အာဏာ ကို ဒေသအစိုးရများကို လွှဲပြောင်းပေးခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီကို သွားသည့်အရာများကို တိုင်းရင်းသား တစ်ဦး အနေဖြင့် ပြင်စေလိုကြောင်း ပြောသည်။

“အဓိကကတော့ Resources Sharing (သယံဇာတအရင်းအမြစ်များ ခွဲဝေခြင်း) တွေပေါ့နော်။ ပြည်နယ် ဝန်ကြီးချုပ် ရွေးချယ်တာတို့ ပေါ့။ လွှတ်တော်မှာပဲ ရွေးချယ်တာပေ့ါ ။ ဒါတွေက Very Decentralize (ဗဟို အစိုးရမှ အာဏာနှင့်လုပ်ပိုင်ခွင့်ကို ဒေသအစိုးရသို့ လွှဲပြောင်းပေးခြင်း) ဖြစ်တာပေါ့နော်။ အခုတော့ Centralize (ဗဟိုအစိုးရမှ ချုပ်ကိုင်ထားခြင်း) ပုံစံဖြစ်နေတာကိုး။ သမ္မတကပဲ ခန့်တယ်ဆိုတော့လေ။ ဦးဂျေတို့ ဖြစ်စေချင်တာကတော့ ဝန်ကြီးချုပ်လည်း ကိုယ့်ရဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ရွေးမယ်”ဟု ၄င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုကို ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တေ်ာအစည်းအဝေးမှာ အာဏာရပါတီအမတ် မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ပြီး နောက် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly