စေ့စပ်ညှိနှိုင်းရေးကို ဗင်နီဇွဲလား သမ္မတက လမ်းဖွင့်ပေးပေမယ့် ကြားဖြတ်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ကို ပယ်ချ

စေ့စပ်ညှိနှိုင်းရေးကို ဗင်နီဇွဲလား သမ္မတက လမ်းဖွင့်ပေးပေမယ့် ကြားဖြတ်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ကို ပယ်ချ

ကရာကတ်စ်၊ ဇန်နဝါရီ ၃၀ ။              ။ ဗင်နီဇွဲလားနိုင်ငံရဲ့ ပြဿနာတွေ ဝိုင်းနေတဲ့ သမ္မတ မာဒူရိုက အမေရိကန်ထောက်ခံထားတဲ့ အတိုက်အခံတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ ၎င်းအနေနဲ့ အသင့်ရှိတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောလာပါတယ်။

တောင်အမေရိကနိုင်ငံ ဗင်နီဇွဲလားနိုင်ငံရဲ့ နက်နက်ရှိုင်းရှိုင်း ဖြစ်တည်နေတဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွားရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ လမ်းစတစ်ခုအဖြစ် မာဒူရိုဟာ စေ့စပ်ညှိနှိုင်းရေးအပြင် လွှတ်တော်ရွေးကောက်ပွဲတွေ စောလျင်ကျင်းပရေးကိုပါ လမ်းဖွင့်ပေးလာပါတယ်။

ဒါပေမယ့် နိုင်ငံတကာက ၎င်းကို တိုက်တွန်းတောင်းဆိုနေတဲ့ သမ္မတရွေးကောက်ပွဲသစ် ပြန်လည်ကျင်းပပေးရေးကိုတော့ မာဒူရိုဟာ ပယ်ချပါတယ်။

အတိုက်အခံ ခေါင်းဆောင်ဖြစ်ပြီး အမျိုးသားလွှတ်တော်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဝိုင်းဂွါဒိုဟာ ၎င်းကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာလိုက်ချိန်ကစပြီး ဗင်နီဇွဲလားမှာ သမ္မတရွေးကောက်ပွဲ ထပ်မံကျင်းပဖို့ တိုက်တွန်းပြောဆိုသံတွေ ကျယ်လောင်နေတာပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အခြားတစ်ဒါဇင်ခန့် နိုင်ငံတွေကတော့ ဂွါဒိုကို သမ္မတအဖြစ် အသိအမှတ်ပြုထားကြပါတယ်။

“အတိုက်အခံတွေနဲ့ စေ့စပ်ရေးစားပွဲဝိုင်းမှာ ထိုင်ဖို့ ကျွန်တော် အဆင်သင့်ပါပဲ။ ဒါမှပဲ ဗင်နီဇွဲလားရဲ့ အကျိုးစီးပွား၊ ကမ္ဘာအတွက်၊ အနာဂတ်အတွက် ကျွန်တော်တို့တွေ ပြောဆိုဆွေးနွေးနိုင်ကြပါမယ်။”လို့ မာဒူရိုက ရုရှနိုင်ငံပိုင်သတင်းဌာန Rai Novosti နဲ့ အင်တာဗျူးရာမှာ ပြောပါတယ်။

မက္ကဆီကို၊ ဥရုဂွေး၊ ဘိုလီဗီးယားနဲ့ ရုရှအပါအဝင် အစိုးရအချို့ကလည်း ဗင်နီဇွဲလားအရေး စိုးရိမ်ကြောင်းကို ဖော်ပြပြီး စေ့စပ်ဆွေးနွေးပွဲတွေကို ကြိုဆိုထောက်ခံကြကြောင်း ၎င်းက ပြောပါတယ်။

ဗင်နီဇွဲလားရဲ့ နိုင်ငံရေးအကျပ်အတည်း အဆုံးသတ်ရေး လမ်းကြောင်းတစ်ရပ်အဖြစ် ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က သမ္မတရွေးကောက်ပွဲသစ် ပြန်လည်ကျင်းပဖို့ကို ဆော်သြနေလျက် ရှိတာဖြစ်ပေမယ့် မာဒူရိုကတော့ ခိုင်ခိုင်မာမာ ငြင်းဆန်ထားပါတယ်။

“သမ္မတ ရွေးကောက်ပွဲက ကျင်းပထားတာ တစ်နှစ်တောင် မရှိသေးဘူး။ ဆယ်လလောက်ပဲ ရှိသေးတယ်။ ဒီသမ္မတရွေးကောက်ပွဲကိုလည်း ဖွဲ့စည်းပုံနဲ့ ဥပဒေစံနှုန်းတွေနဲ့ အညီ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။”လို့ မာဒူရိုက ထပ်လောင်းပြောကြာပါတယ်။

၂၀၁၈ မေ ၂၀ ရက်က ကျင်းပခဲ့တဲ့ ဗင်နီဇွဲလား သမ္မတ ရွေးကောက်ပွဲကို မူမမှန်တဲ့ ရွေးကောက်ပွဲအဖြစ် အီးယူ၊ အမေရိကန်နဲ့ နိုင်ငံအချို့က ရလဒ်ကို ငြင်းပယ်ထားတာ ဖြစ်ပေမယ့် တရုတ်၊ ရုရှ၊ အီရန်နဲ့ တူရကီနိုင်ငံတို့ကတော့ အသိအမှတ်ပြု လက်ခံထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required