“ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင် Red Carpet Show ပြုလုပ်

“ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင် Red Carpet Show ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ။           ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ရုပ်ရှင်အဖြစ် တစ်ကြိမ်ရိုက်ကူးခဲ့သော ဆရာမဂျူးရဲ့“ကြာတော့သည်လည်း မောင့် စကား”ဝတ္ထုကို ယခုအခါမှာတော့ ဒါရိုက်တာမီးပွားက  “ကြာတော့သည်လည်း မောင့်စကား”အမည်နဲ့ပဲ ဒုတိအကြိမ်ပြန်လည်ရိုက်ကူးကာ ရုပ်ရှင် Red Carpet Show ကို ဇန်နဝါရီလ ၂၉ရက်နေ့က ရန်ကုန်မြို့ Juncity City မှာပြုလုပ်ခဲ့ပါတယ်။

 “အခု ဒီအချိန်မှာလည်း နောက်ထပ်မျိုးဆက်သစ် သရုပ်ဆောင်လေးတွေနဲ့ အရင်ဒါရိုက်တာနဲ့ တော့မတူ ဘူးပေါ့။ အဲ့တော့ ပြန်ပြီးတော့ ခံစားမယ်၊ သရုပ်ဖော်မယ့်အခါ ကျွန်မက ဝမ်းသာအားရပဲ လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ဝတ္ထုကြာတော့သည်လည်း မောင့်စကားက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကြည့်ပြီးတဲ့သူတွေကလည်း အသက်ကြီးသွားပြီ။အဲ့တော့ ဒီမျိုးဆက်သစ်လူငယ်လေးတွေကလည်း ဗားရှင်း အသစ်နဲ့ ကြည့်ချင်ကြမှာပဲ။အဲ့ဒါနဲ့ပဲ ကျွန်မလက်ခံလိုက်တာ။ အခုက နှစ်ခုပြိုင်ပြီး ကြည့်ရမယ့် သဘောပေါ့။ အဲ့တော့ ကျွန်မဝမ်းသာပါတယ်။ မျိုးဆက်အသစ်နဲ့ မျိုးဆက်ဟောင်း အခုဆုံလိုက်တဲ့ပွဲလေ၊ အခုလိုစီစဉ် ပေးတာ ကျွန်မအနေနဲ့ အရမ်းလည်း ဝမ်းသာပါတယ်”လို့ စာရေးဆရာမ ဂျူးက ပြောပါတယ်။

ကြာတော့သည်လည်း မောင့်စကား ဝတ္ထုကို ပထမအကြိမ်ရိုက်ကူးခဲ့စဉ်က ရန်အောင်၊ စိုးမြတ်သူဇာ၊ ရဲအောင် တို့နဲ့ ပုံဖော်ရိုက်ကူးခဲ့ပြီး ဒုတိယအကြိမ်မှာတော့ စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး၊ ထွန်းထွန်းတို့နဲ့ ရိုက်ကူးပုံဖော်ခဲ့ တာလည်း ဖြစ်ပါတယ်။

“ဒီနေ့ ဖွေးဖွေးအရမ်းစိတ်လှုပ်ရှားနေတယ်။ဆရာမတို့လည်း လာတယ်။အရင်က ကြာတော့သည်လည်း မောင့်စကားရိုက်ခဲ့တဲဲ့့ စီနီယာ အကိုတွေ၊ အမတွေလည်း အကုန်လာတယ်။ပြီးတော့ ရုပ်ရှင်လည်း မကြည့်ရ သေးဘူးဆိုတော့ ရုပ်ရှင်ကြည့်ရမှာကိုလည်း ရင်ခုန်နေပါတယ်” ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးက ပြောပါတယ်။

ယခုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားမှာတော့ တင်တင်ဇော်အဖြစ် ဖွေးဖွေး၊ နန္ဒအဖြစ် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖြိုးကျော်အဖြစ် ထွန်းထွန်းတို့က အသီးသီးသရုပ်ဆောင်ထားပြီး ဖေဖော်ဝါရီလ တစ်ရက်နေ့ကစတင်ကာ မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသတော့မှာလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly