လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းပေးရန် ပြည်ခိုင်ဖြိုးပါတီ တောင်းဆို

By မျိုးထွန်းနိုင်
30 January 2019
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းပေးရန် ပြည်ခိုင်ဖြိုးပါတီ တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ။           ။ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းပေးရန်ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက သဘောထားထုတ်ပြန်ကြေညာချက်တစ်ခုကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃ဝရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်အတွက် လည်းကောင်း ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၆၉ (က)ပါအချက်များ ဖောက်ဖျက်ကျူးလွန်သော လွှတ်တော် ကိုယ်စားလှယ်များကို ထိရောက်စွာ အရေးယူနိုင်ရန်အတွက်လည်းကောင်း ၊လွှတ်တော်၏ ဂုဏ်သိက္ခာ အရည်အသွေး ပိုမိုမြင့်မား လာစေရန်အတွက်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးနိုင်ပါရန် အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည်ဟု ဆိုထားသည်။

အဆိုပါကြေညာချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄တွင် “ နိုင်ငံ တော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီးနိုင်ငံတစ်ဝှမ်းလုံး၌ တည်သည်”ဟု ဖော်ပြ ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၉တွင်လည်း “ နိုင်ငံသားတိုင်းသည် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေး ကောက်တင်မြှောက်ပိုင်ခွင့်ရှိပြီး သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စား လှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်” ဟု ဖော်ပြပါရှိကြောင်း ကြေညာချက်၏ အစပိုင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆(က) တွင် “လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အောက်ပါ အကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု ဆိုထာပြီး နိုင်ငံတော်၏ ကျေးဇူး သစ္စာကို ဖောက်ဖျက်ခြင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း ၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း ၊ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင် ရွက်ခြင်းဟု ပြဋ္ဌာန်းထားသည့်အပြင် ပုဒ်မ ၃၉၆(ခ)တွင်လည်း “သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များ အနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့ တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်”ဟု ဖော်ပြပါ ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီက ဆိုထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၇ တွင် “ ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်းတာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်” ဟုဖော်ပြထားကြောင်း ကြေညာချက်၌ ရည်ညွှန်း ဖော်ပြထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ ၆ရက် ၂လ ၂၀၁၈ တွင် ပြည်သူ့လွှတ်တော်၌လည်းကောင်း၊ ၂၈ရက် ၁ လ ၂၀၁၉ တွင် ပြည်ထောင်စုလွှတ်တော်၌လည်းကောင်း ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်း ခဲ့ကာ တာဝန်ရှိသူများက ဥပဒေကြမ်းရေးဆွဲထားပြီး ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး မည်သည့်ကာလနေ့ရက်တွင် တင်သွင်းမည်ကိုမူ တိကျစွာ ဖော်ပြဖြေကြားခဲ့ခြင်း မရှိသည်ကိုတွေ့ရကြောင်း ပြည်ခိုင်ဖြိုးပါတီက ဆိုထားပြီး ယင်းဥပဒေကို ပြဋ္ဌာန်းပေးရန်အတွက် လွှတ်တော်တွင် မေးမြန်းပြီး နှစ်ရက်အကြာတွင် အဆိုပါ ကြေညာ ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly