ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီ၏ မူဝါဒ သဘောထား

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၉ ။     ။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ) ပါတီ  ဗဟိုအလုပ်မှုဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးခွန်စိုးမြင့်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျား -

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား -

ကျွန်တော်ကတော့ ပြည်ထောင်စုပအိုဝ်း အမျိးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထွေထွေအတွင်းရေးမှုး ဦးခွန်စိုးမြင့် ဖြစ်ပါတယ်။ ယခုလို ရေဒီယို၊ ရုပ်မြင်သံကြားမှ တစ်ဆင့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်များကိုတင်ပြဟောပြောခွင့်ရတဲ့အတွက် စီစဉ်ပေးသူများအားလုံးကို ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

လေးစားအပ်ပါသော မိဘပြည်သူများနှင့် ပအိုဝ်းတိုင်းရင်းသားအပေါင်းတို့ ခင်ဗျား-

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)ရဲ့သက်တမ်း ဟာ ယခုအခါ နှစ်ပေါင်း ၆၅ နှစ်ရှိပြီဖြစ်သည်နှင့်အညီ ရှမ်းပြည်နယ်ကို အခြေခံပြီး ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အခြား နေရာဒေသအသီးသီးသို့ ရောက်ရှိနေထိုင်ကြသောပအိုဝ်းတိုင်းရင်းသားလူ မျိုးများကို စည်းရုံးပေါင်းစည်းထားတဲ့ တစ်ခုတည်းသော ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ပ.အ.မ.ဖ) ပဲဖြစ်ပါတယ်။

ဆက်လက်(ပ.အ.မ.ဖ)ရဲ့နောက်ခံသမိုင်းအကျဉ်းကို တင်ပြလိုပါတယ်ခင်ဗျား-

ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေမှာ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်များဟာ အာရှလူငယ်အဖွဲ့ဝင်များမှဝင်ရောက်လှုပ်ရှားခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဦးဖြူ၊ ဦးဘိုးခင်တို့ပါဝင်သောခမ်းကောင်းပအိုဝ်းလွောင်ဗူးခေါ်(ပအိုဝ်းစုစည်းအဖွဲ့) ကို ဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်။ တစ်ချိန်တည်းလိုပင် ၁၉၄၇ ခုနှစ်တွင် သထုံခရိုင်ရှိ ပအိုဝ်းများ ပဏာမဖွဲ့စည်းမှုတွင် အမျိုးဘာသာသာသနာထွန်းလင်းရေးကို ရည်ရွယ်၍သထုံခရိုင် ပအိုဝ်းခေါင်းဆောင်များဖြစ်ကြသော ဦးလှဖေ၊ ဦးဘိုးမျှင်၊ ဦးပြူးဦးအောင်သာ စသည်တို့က ရဟန်းသံဃာများ၊ လူကြီးလူငယ်၊ ပအိုဝ်း အမျိုးသား၊ အမျိုးသမီးများနှင့် စည်းဝေးတိုင်ပင်၍ ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့ဟူ၍ ဖွဲ့စည်းခဲ့ကြပါတယ်။

လေးစားအပ်ပါသော မိဘပြည်သူများနှင့် ပအိုဝ်းတိုင်းရင်းသားအပေါင်းတို့ခင်ဗျား-

ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရရှိရေးကိုဦးတည်လှုပ်ရှားခဲ့ပြီး ပြည်ထောင်စုလွတ်လပ်ရေးပန်းတိုင် တစ်ခုဖြစ်တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ်မှာ သထုံစော်ဘွား ကြီးစဝ်ခွန်ကြည်အစား ဦးဖြူက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပအိုဝ်းအမျိုးသားတို့၏ နဂိုရည်မှန်းထားတဲ့ ဒီမိုကရေစီရေး၊ တန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရရှိရေးနှင့် ပြည်ထောင်စု တည်မြဲရေးကို ကျယ်ပြန့်စွာဆောင်ရွက်လာနိုင်ကြ၍  ပအိုဝ်းတိုင်းရင်းသားတို့၏ အမျိုးသားရေးကို ပိုမိုမြှင့်တင်ပေးနိုင်ခဲ့ ကြပါတယ်။ ၁၉၅၀ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် မူလပအိုဝ်း စုစည်းအဖွဲ့(ပအိုဝ်းလှိုင်ဗူ)ကို ဖျက်သိမ်းပြီး ပ. အ. မ. ဖ ခေါ် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ကိုဖွဲ့စည်းတည်ထောင်ခဲ့ကြပြီး ယာယီအမှုဆောင် များ တင်မြှောက်ကြပါတယ်။

ဝန်ကြီးချုပ်ဦးနုရဲ့ ပါလီမန်အထွေထွေရွေးကောက်ပွဲကြီးမှာ ပ.အ.မ.ဖကိုယ်စားလှယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၉၅၂ ခုနှစ်မှာ သုံးနေရာ၊၁၉၅၆ ခုနှစ်မှာ တစ်နေရာဖြင့် အနိုင်ရခဲ့ပါတယ်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ခေါ် ပ.အ.လ.ဖ အဖွဲ့သည် ၁၉၅၈ ခုနှစ်တွင် ဖ.ဆ.ပ.လ အစိုးရမှ ပ.အ.လ.ဖ အား လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရန်ကမ်းလှမ်းခဲ့ပါတယ်။ ပ.အ.မ.ဖ  အမှုဆောင်များဟာ ပြည်ထောင်စုအစိုးရတို့နဲ့ ငြိမ်းချမ်းရေးရဲ့ အလင်းရောင်ကို ရှာဖွေ ညှိနှိုင်းခဲ့မှုကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး အတွက်လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရန် ၁၉၅၈ တွင် ပ.အ.လ.ဖ ဟာ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ် ပါလီမန်အထွေထွေ ရွေးကောက်ပွဲကြီးမှာ ပ.အ.မ.ဖ အဖွဲ့ချုပ် ထပ်မံဝင်ရောက်အရွေးခံခဲ့ရာ သုံးနေရာအနိုင်ရခဲ့ပါတယ်ခင်ဗျား။

ပ.အ.မ.ဖ အဖွဲ့ချုပိကြီး ဟာ ၁၉၆၁ ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ဖက်ဒရယ်အရေး ပြည်နယ်ပေါင်းစုံညီလာခံကြီးမှာ နိုးကြားတက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပါ်တယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (ရှမ်းပြည်နယ်အစိုးရ)ကြိုးကိုင်ကော်မတီတွင် အခြားညီနောင်တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့အတူ ပူးပေါင်းရေးဆွဲခဲ့ကြပါတယ်ခင်ဗျား။ ထိုစဉ် ပ. အ. မ. ဖ ဗဟိုကော် စည်းရုံးရေးမှူး၊ ပြည်သူ့လွှတ်တော်အမတ် ဦးလှဖေသည် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှုးတာဝန်ကို ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သောစစ်တပ်က အာဏာသိမ်းပြီးပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပ. အ. မ. ဖ အပါဝင် နိုင်ငံရေးပါတီ များနဲ့ အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့ပါတယ်ခင်ဗျား။

လေးစားအပ်ပါသော မိဘပြည်သူများနှင့် ပအိုဝ်းတိုင်းရင်းသားအပေါင်းတို့ ခင်ဗျား-

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပ.အ.မ.ဖ သည် ပအိုဝ်းတိုင်းရင်းသားတို့၏ လိုလားတောင်းဆိုချက်များဖြစ်သော ဒီမိုကရေစီရေး၊တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် နိုင်ငံရေးအရ ဆက်လက်ပြီး ဥပဒေနှင့်အညီလွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၀ ခုနှစ် မတ်လ ၂၄ရက်နေ့တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရုံးတွင် ပအိုဝ်းတိုင်းရင်းသားအင်အားစုအသီးသီးမှ စုစည်း၍ ပဉ္စမအကြိမ် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပ.အ.မ.ဖ ညီလာခံသဘင်ကြီးကိုခေါ်ယူကျင်းပ ခဲ့ပြီး၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပ.အ.မ.ဖ ခေါ် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချူပ်အမည်ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။  ၂၀၁၀ ခုနှစ် မတ်လ ၂၅ ရက်နေ့ ရှေ့လုပ်ငန်းစဉ် အစည်းအဝေးကြီးတွင် နဂိုမူလဆုံးဖြတ်ထားသည့် ပ.အ.မ.ဖ အဖွဲ့ချုပ်ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်ချက်ကို အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ပယ်ဖျက်ပြင်ဆင်ခဲ့သည့်အတွက် ထိုစဉ်က ပ.အ.မ.ဖ ခေါ် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်အမည်ဖြင့် ပြန်လည် မှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။

လေးစားအပ်ပါသော မိဘပြည်သူများနှင့် ပအိုဝ်းတိုင်းရင်းသားအပေါင်းတို့ ခင်ဗျား-

ပ.အ.မ.ဖ အဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ရခြင်းအကြောင်းရင်းများကို ဆက်လက်ပြီး ရှင်းပြပါရစေခင်ဗျား-

ပ.အ.မ.ဖ အဖွဲ့ချုပ်ကြီး ကနေ့ဆိုလျှင် နှစ်ပေါင်း ၆၅ နှစ်ပြည့်ပြီး ဖြစ်သော်လည်း ညီလာခံအဆက်ဆက်မှချမှတ်ခဲ့တဲ့ အပြည့်အဝမရရှိသေးဘူးဆိုတာ၏ ဆန္ဒသဘောထားတောင်းဆိုချက်များ အပြည့်အဝမ ရရှိသေးဘူးဆိုတာ မိဘပြည်သူများနှင့် ပအိုဝ်းတိုင်းရင်းသားအပေါင်းတို့ အသိပဲဖြစ်ပါတယ်။ဆက်လက်၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲရေး၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် အခြားပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသားလူမျိုးများနဲ့အတူ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပရှိနိုင်ငံရေး အင်အားစုများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ ပ. အ. မ. ဖ အဖွဲ့ချုပ်ကို ပြန်လည်ပါတီမှတ်ပုံတင်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျား။

လေးစားအပ်ပါသော မိဘပြည်သူများနှင့် ပအိုဝ်းတိုင်းရင်းသားအပေါင်းတို့ ခင်ဗျား-

ပ.အ.မ.ဖရဲ့နိုင်ငံရေးခံယူချက်များကို တင်ပြပါရစေခင်ဗျာ -

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အပြည့်အဝရရှိရေး၊ ဒီမိုကရေစီစနစ်ပိုမိုထွန်းကားရေးနှင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးတို့ပဲ ဖြစ်ပါတယ် ခင်ဗျား။ ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီစနစ်နှင့် စစ်မှန်သောပြည်ထောင်စုစစ်စစ်စနစ်ဖြင့် အနာဂတ်  ပြည်ထောင်စုကြီးကို ထူထောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ၊ပြည်ထောင်စုနိုင်ငံသား များဖြစ်ကြသော ပအိုဝ်းတိုင်းရင်းသားများနှင့် ပြည်သူလူထုအားလုံး အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအပြည့်အဝရရှိခံစားနိုင်ရေးအတွက် အာမခံချက်ပေးရန်၊ ဖွံ့ဖြိုး တိုးတက်မှုကို မဟန့်တားသည့် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ထုံးစံများ၊ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန်၊ ပအိုဝ်းတိုင်းရင်းသားတို့၏ လူမျိုးရေးလက္ခဏာ (သို့) အမျိုးသားရေးလက္ခဏာ(National Identity )ကို ကာကွယ်စောင့်ရှောက်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော ဒေသများကို အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်သွားရန်။

လေးစားအပ်ပါသော မိဘပြည်သူများနှင့်ပအိုဝ်းတိုင်းရင်းသားအပေါင်းတို့ ခင်ဗျား-

အထက်ပါရည်ရွယ်ချက်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အောက်ပါရှေ့လုပ်ငန်းစဉ်များကိုလည်း ထပ်မံတင်ပြ ပါရစေခင်ဗျား-

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပ.အ.မ.ဖ၏ ရှေ့လုပ်ငန်းစဉ်များ ကတော့-

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့သို့တိုးတက်အောင်ဆောင်ရွက်ရေးအတွက် အခြားနိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်။ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပနိုင်ငံရေးအင်အားစုတွေနဲ့  ဟန်ချက်ညီညီ နိုင်ငံရေး ဆောင်ရွက်မှုများ လုပ်ဆောင်ဖို့၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲနိုင်ရန်(သို့)  ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်။

တန်းတူရည်တူ ဖက်ဒရယ်မူဖြင့် ပြည်နယ်သစ်များပေါ်ထွန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးတွင် ပအိုဝ်း ပြည်သူတစ်ရပ်လုံး၏အင်အားဖြင့် တက်ကြွစွာပါဝင် ဆောင်ရွက်သွားမည်။

နိုင်ငံရေးကြောင်းအရသော်လည်းကောင်း၊ ဥပဒေကြောင်းအရသော်လည်းကောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား ပြင်ဆင်တိုးချဲ့သတ်မှတ် ရေးနှင့် ပအိုဝ်းတိုင်းရင်းသားတို့၏ အန္တိမရည်မှန်း ချက်ဖြစ်သော ပအိုဝ်းပြည်နယ်တစ်ရပ်ပေါ်ထွန်းရေးအတွက်ဦးတည်ဆောင်ရွက်သွားမည်။ တက္ကသိုလ်ဘွဲ့ရကျောင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးအတွက် လိုအပ်သော ပညာရပ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကိုပြည်တွင်း၊ပြည်ပ ပညာရှင်များဖိတ်ခေါ်၍ဒေသတွင်း စွန့်ဦးတီထွင်အသိပညာရှင်အတတ်သားများအပေါ်အခြေခံ၍ဒေသတွင်း စွန့်ဦးတီထွင် အသိပညာရှင်အတတ် ပညာရှင်များ ပေါ်ထွန်းရေးအတွက် အားပေးဆောင်ရွက်သွားမည်။

အမျိုးသမီးများနှင့် လူငယ်များအမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပိုမို ပါဝင်လာစေရန်အတွက် အသင်းအဖွဲ့၊ အဖွဲ့အစည်း တိုင်းတွင် လျော်ကန်သင့်မြတ်မှုရှိသော ဦးရေ၊ အခန်းကဏ္ဍနှင့် အစီအမံများ ဦးတည်ဆောင်ရွက်သွားမည်။ ပအိုဝ်းအမျိုးသားစာကြည့်တိုက်နှင့်အမျိုးသားပြတိုက် ပီပြင်စွာဖြစ်ပေါ် လာစေရေးအတွက် တိကျခိုင်မာစနစ်ကျသော ကော်မတီတစ်ရပ် ဖွဲ့စည်းခြင်း၊ သီးခြားလုပ်ငန်းစဉ်တစ်ရပ်ရေးဆွဲခြင်းဖြင့် ရေရှည်ထိန်းသိမ်းရေး ကော်မတီများကို ခေတ်ပညာတတလူငယ်များဖြင့် ဖွဲ့စည်းအကောင်အထည်ဖော်သွားမည်. ဒေသတွင်းမူးယစ်ဆေးဝါးနှင့် ဘိန်းစိုက်ပျိုးမှု ကင်းစင်ပပျောက်မှု လုပ်ငန်းစဉ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ အစားထိုးသီးနှံများ လုံလောက်စွာရရှိရေး အတွက် သက်ဆိုင်ရာအဖွဲ့စည်းများသို့ တင်ပြခြင်း၊ လိုအပ်သောဈေးကွက် အခွင့်အလမ်းများ ဖန်းတီးပေးခြင်း၊ ဘဝသစ်ပြန်လည်ထူထောင်ရေးတို့အတွက် ရေတို/ရေရှည် စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်သွားမည်။

လေးစားအပ်ပါသော မိဘပြည်သူများနှင့် ပအိုဝ်းတိုင်းရင်းသား အပေါင်းတို့ခင်ဗျား-

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းချက်ပါ ရသင့်ရထိုက် သော အလုပ်သမားအခွင့်အရေးများ ရရှိစေရေးကို တာဝန်ယူဆောင်ရွက် သွားမည်။ ဒေသတွင်း တရားမဝင် အခွန်ကောက်ခံမှု ပပျောက်ရေး၊ လာဘ်ပေးလာဘ်ယူပပျောက်ရေးမှ အခွင့်ထူးခံအရာရှိဆိုးစနစ် ပပျောက်ရေးဦးစားပေးဆောင်ရွက်မည်။ လယ်/ယာအလုပ်သမားများ၏ အကျိုး စီးပွားအပေါ်ခုခံ ကာကွယ်တာဝန် ယူဆောင်ရွက်မည့် လယ်/ယာ အလုပ်သမားအစည်းအရုံးများ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့်ရှိစေရမည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သော ခေတ်မီစိုက်ပျိုးရေး လုပ်ငန်းသုံးစက် ပစ္စည်းများ၊ စက်မှုလက်မှုပစ္စည်းများ အလုံအလောက်ရရှိသုံးစွဲနိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ(သို့မဟုတ်)ပြည်နယ်အစိုးရတို့နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်။ မမျှော်လင့်သော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များ ဖွဲ့စည်းပြီး ပြည်တွင်း/ပြည်ပရှိအလှုရှင်များနှင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက် သွားမည်။

လေးစားအပ်ပါသော မိဘပြည်သူများနှင့် ပအိုဝ်းတိုင်းရင်းသားအပေါင်းတို့ ခင်ဗျား-

မြေဆီလွှာထိန်းသိမ်းရေး၊ ရေမြေတောတောင်သဘာဝထိန်းသိမ်းရေး တို့အတွက် သက်ဆိုင်ရာပညာရှင်များနှင့် ချိတ်ဆက်ကာ ရေတို၊ ရေရှည် စီမံချက်ရေးဆွဲခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သော အသိပညာဗဟုသုတတိုးပွားလာစေရေးအတွက် သင်တန်းများဖွင့်လှစ်ခြင်းစသည့် အစီစဉ်မျာဆောင်ရွက်သွားမည်။ နိုင်ငံတစ်ဝန်း ကျေးလက်ဒေသ အပါဝင် ဘုန်းကြီးကျောင်းပရိဝုဏ်များအတွင်းနှင့် လစ်လပ်တောင်ကတုံးများပေါ်တွင် ပြည်သူကိုအခြေပြုလျက် သစ်တောသစ်ပင်များပြန်လည်စိုက်ပျိုးခြင်းများဆောင်ရွက်သွားမည်။

လမ်းပန်းဆက်သွယ်ရေးကို အဆင့်မြင့်တိုးချဲ့ဆောင်ရွက်သွားမည်။ နိုင်ငံတစ်ဝန်း ကျေးလက်ဒေသ အပါအဝင်အခမဲ့ဆေးဝါးကုသခွင့်ရရှိစေရေး၊ ဆေးရုံ၊ ဆေးခန်းများတွင် လိုအပ်သောဆရာဝန်များ ၊ဆေးဝါးများ၊ ခေတ်မီဆေးကုသမှုကိရိယာများ ပြည့်စုံလုံလောက်ရေးအတွက် သုတေသနပြုပြီး အလေးထားဆောင်ရွက်သွားမည်။ ဒေသတွင်းရှိဆေးရုံ၊ ဆေးခန်းများအဆင့်မြင့်တိုးချဲ့တိုးမြင့်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်သွားမည်။ ဒေသတွင်းရှိ ပညာရေးနှင့်ပတ်သက်၍အထက်တန်းပညာရေး၊ အလယ်တန်းပညာရေး၊ မူလတန်းပညာရေး၏အခြေအနေမှန်များသိရှိနိုင်ရေးအတွက် ပညာရေးဆိုင်ရာ သုတေသနများပြုလုပ်ဆောင်ရွက်ခြင်းဖြင့် လိုအပ်သောပညာရေးဆိုင်ရာ အစီအမံများကိုဦးတည်ဆောင်ရွက်သွားမည်။ မိခင်ဘာသာစကားကိုအခြေခံသော ပအိုဝ်းကိုယ်ပိုင် အမျိုးသားကျောင်းပေါ်ထွန်းရေး အတွက် ဦးတည်ဆောင်ရွက် သွားမည်။

လေးစားအပ်ပါသော မိဘပြည်သူများနှင့်ပအိုဝ်းတိုင်းရင်းသားအပေါင်းတို့ ခင်ဗျား-

ပ.အ.မ.ဖ ပါတီရဲ့အလံနဲ့ သင်္ကေတတို့ကို မိတ်ဆက်တင်ပြပါရစေ၊ ပအိုဝ်းအမျိုးသားတစ်ရပ်လုံးရဲ့တစ်ခုတည်းသော အမျိုးသားနိုင်ငံရေးပါတီအဖြစ် ပ.အ.မ.ဖပါတီဟာ (၂၄.၃.၂၀၁၀) ရက်နေ့အထိ ရပ်တည်လာခဲ့ပါသည်။ ဒါကြောင့် ပ.အ.မ.ဖ ပါတီအလံကိုလည် ပအိုဝ်းအမျိုးသားအလံအဖြစ် အသုံးပြုလာခဲ့ခြင်းဖြစ်ပါတယ်။ (၂၄.၃.၂၀၁၀)ရက်နေ့မှာပ.အ.မ.ဖ ပါတီရဲ့ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ ပဉ္စမအကြိမ် ညီလာခံသဘင်ကြီးကို ကျင်းပခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် ပြန်လည် မှတ်ပုံတင်နိုင်ခြင်းမရှိခဲ့ပါ။ ဒါ့အပြင် အခြားပအိုဝ်းအမျိုသားပါတီတစ်ခုပ.အ.မ.ဖ ပါတီရဲ့အလံကို ၎င်းပါတီရဲ့ အလံအဖြစ် ယူသုံးသွားခဲ့ပါတယ်။အဲ့ဒါကြောင့် ပ.အ.မ.ဖ ပါတီပြန်လည်မှတ်ပုံတင်သည့်အခါ ပါတီ အလံသစ်၊ သင်္ကေတအသစ်ဖြင့် မှတ်ပုံပြန်တင်ခဲ့ရခြင်းဖြစ်ပါတယ်။

ယခုအလံဟာမူလ ပ.အ.မ.ဖရဲ့အစိမ်း၊ အနီ၊ အပြာစတဲ့နောက်ခံအရောင်တွေကိုပင်ယူပြီး သုံးရောင်ခြယ်အလံရဲ့အလယ်တည့်တည့်မှာ အနီရောင်နေမင်းကြီးတစ်လုံး၊ အဖြူရောင်စက်ဝိုင်းကြီးတစ်လုံးနှင့် စက်မှုပင်နီယံ တစ်စုံထည့်သွင်းထားပါတယ်။ အနီရောင်ဟာ သူရိယဖြစ်ပြီး၊ အဖြူရောင်စက်ဝိုင်းကြီးတစ်လုံးကတော့ စန္ဒာ(သူရိယစန္ဒာ)မင်းကိုကိုယ်စားပြုခြင်းဖြစ်ပါတယ်။ စက်မှုပင်နီယံကတော့ စိုက်ပျိုးရေး ကိုအခြေခံပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင်လိုခြင်းပဲဖြစ်ပါတယ်။

အခုလက်ရှိ ပ.အ.မ.ဖ ပါတီရဲ့အမှတ်သင်္ကေတကတော့ စိမ်း၊ နီ၊ ပြာသုံးရောင်ခြယ်နောက်ခံနဲ့ နဂါးဦးခေါင်းပုံစံဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ပါတီဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်  အနိုင်ရရှိရေးအတွက် မိဘပြည်သူများနှင့် ပအိုဝ်းတိုင်းရင်းသား အပေါင်းတို့ လေ့လာဆန်းစစ်၊ အကဲဖြတ်စေနိုင်ဖို့အတွက် ပ.အ.မ.ဖ အဖွဲ့ချုပ်၏ သဘောထားနှင့် မူဝါဒလုပ်ငန်းစဉ်များကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုအကျိုးပအိုဝ်းတိုင်းရင်းသားတို့၏ အကျိုးကိုမိဘပြည်သူများ၊ ပအိုဝ်းတိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ အမှန်အကန်သယ်ပိုးပေးနိုင်မယ့် ပ.အ.မ.ဖ ခေါ်ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ်တွေကို ဆန္ဒပေးရွေးချယ်ပေး နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)

 ၁။  ပါတီအမည်  -  ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)
 ၂။  ပါတီအမည်(English)  -  Union Pa.O National Organization
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၂.၉.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးခွန်အောင်စစ်ပါ(၁၅)ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးခွန်အောင်စစ်၊ ဦးခွန်စိုးမြင့်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၈.၁.၂၀၁၃
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၆.၁၂.၂၀၁၃
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၃.၁.၂၀၁၃
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၇၃)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အိမ်အမှတ်(ည/၁၀၉၄)၊ နယ်မြေ (၃)၊ အနောက်မြို့ပတ်လမ်း၊ ညောင်ဖြူ စခန်းရပ်ကွက်၊ တောင်ကြီးမြို့
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၂၀၀၉၁၀၇၉(ဥက္ကဌ)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly