ရခိုင်ဒေသတိုက်ပွဲကြားတွင် အထိအနာဆုံးသော အမျိုးသမီးများ

By ဖြိုးသီဟချို
30 January 2019
ရခိုင်ဒေသတိုက်ပွဲကြားတွင် အထိအနာဆုံးသော အမျိုးသမီးများ
ကျောက်တော်မြို့နယ်၊ ကျွန်းသာယာ ကျေးရွာမှ မအေးအေးနုသည် သူ၏ရင်သွေးကို စစ်ရှောင်စခန်းရောက်ပြီး ရက်ပိုင်းအတွင်း မွေးဖွားခဲ့သည် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)
 

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသတစ်ခုမှ ၃၈ နှစ်အရွယ် မထွေးသည်  အရိုးကွဲမတတ် အေးလှသည့် ရာသီဥတုဒဏ်ကို  အံတုပြီး ချောင်းစပ်သို့ ဆင်းလာသည်။

မီးဖွားရန် ရက်ပိုင်းသာ လိုတော့သည့် မထွေးသည် လှေဝမ်းထဲဝင်နေသည့် ရေကို ခပ်ထုတ်ရင်း မျက်ရည်ကျနေမိသည်။ ဆိုးရွားသည့် ရာသီဥတုတွင် ချောင်းရေနှင့် ထိတွေ့ရခြင်းကြောင့် ကျန်းမာရေး ချို့ယွင်းမည်ကို စိုးရိမ်သော်လည်း သူတို့နေထိုင်ရာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆည်တောင်ကျေးရွာ အနီးသို့ ရောက်လာသည့်  တိုက်ပွဲများက အန္တရာယ် ချက်ချင်း ပေးနိုင်သဖြင့် ရွာမှ ထွက်ပြေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

စစ်ရှောင်ကြစဉ် သူတို့လင်မယားနှင့်အတူ ဂရုတစိုက်ခေါ်ဆောင်သွားရမည့် ကလေးသုံးယောက်ရှိသည်။ ရင်ထဲဗလောင်ဆူနေသည့် မကျေနပ်ချက်တို့အတွက် မည်သူ့ကို အပြစ်တင်ရမည်လည်း မသိ။  ဒီဇင်ဘာ ၁၂ ညပိုင်း ရွာအနီး လက်နက်ကြီး လက်နက်ငယ်သံကြောင့် နောက်တစ်နေ့နံနက်ပိုင်း ရွာလုံးကျွတ် တိမ်းရှောင်ကြရာ ဗိုက်ကြီးသည် မထွေးသည် လက်တစ်ဘက်က  လူမမယ် သမီးငယ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး မပေါ့မပါး ပြေးခဲ့ရသည်။

“လက်မှာလည်း ချီထားရတယ်။ ဗိုက်ထဲမှာလည်း လွယ်ထားရသေးတယ်။ ကိုယ့်(ရွာ)နေရာမှာလည်း မနေရ။ အခက်အခဲတွေကလည်း အမျိုးမျိုး ဆိုတော့ ဝမ်းနည်းမိတယ်” ဟု မထွေးက တစ်နေကုန်ခဲ့သော စစ်ရှောင်ခရီးအတွေ့အကြုံကို ပြောပြသည်။

တပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့ကြား တိုက်ပွဲများသည် မထွေးတို့၏ ကျေးရွာအနီးတွင်သာမက နေရာအများအပြားတွင် ဖြစ်ပွားခဲ့ရာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ်တို့တွင် စစ်ဘေးရှောင် ငါးထောင်ဝန်းကျင် ရှိလာသည်။

အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးရသူများကြားတွင် မထွေးကဲ့သို့ ကိုယ်ဝန် နေ့စေ့လစေ့ ဖြစ်နေသူ၊ မကြာသေးခင်ကမှ မီးဖွားပြီးသူ၊ ရင်ခွင်ပိုက်ကလေးတို့လည်း ပါဝင်ရာ ၎င်းတို့သည် ရခိုင်ဒေသ တိုက်ပွဲများကြားတွင် အန္တရာယ် အကျရောက်နိုင်ဆုံးလူသားများ ဖြစ်လာကြသည်။ 

 

ph-1.jpg

ကလေးမျက်နှာမြင်ရန် ရက်အနည်းငယ်အကြာတွင် စစ်ဘေးရှောင်ရန် နေရပ်စွန့်ခွာထွက်ပြေးရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆည်တောင်ကျေးရွာမှ မထွေး (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

ကလေးမျက်နှာမြင်ရန် ရက်အနည်းငယ်အကြာတွင် စစ်ဘေးရှောင်ရန် နေရပ်စွန့်ခွာထွက်ပြေးရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆည်တောင်ကျေးရွာမှ မထွေး (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

 

တာလပတ်မိုး မီးနေခန်း

စစ်ရှောင်စခန်းရှိရာ အထက်သင်ပုန်းတန်းကျေးရွာသို့ ရောက်ပြီး ရက်အနည်းငယ်အကြာတွင် မထွေး ဗိုက်နာလာရာ ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံသို့ ပို့ရသည်။ ဆေးရုံသို့ သွားရာ ၅ နာရီကြာ ရေလမ်းခရီးတွင် မထွေးက နာကျင်မှုကြောင့် ငိုပြီး လိုက်ပါလာသည်။ စက်လှေမောင်းနေသော ခင်ပွန်းသည် ကိုထွန်းဝေက မထွေးနှင့် ဗိုက်ထဲမှ ရင်သွေးငယ်အတွက် စိုးရိမ်နေရတော့သည်။

 

လွန်စွာ အရေးကြီးချိန်တွင်မှ သောင်ထွန်းနေသည့် တောဖျားချောင်းထဲ မရုန်းနိုင်တော့သည် စက်လှေကို အားကုန် ဆွဲခဲ့ရသေးသည်။

“ရေကလည်း အေးတယ်။ ကျွန်တော့မိန်းမကလည်း ငိုနေတယ်။ တအားကြီး စိတ်ထဲ ဆင်းရဲတာပါပဲ။ ဒီလိုပဲ အမြဲတမ်းဖြစ်နေတော့မှာလား ဆိုပြီးတော့ ကျွန်တော် ငိုတောင် ငိုမိပါတယ်” ဟု စစ်ရှောင်စဉ်က သုံးခဲ့သည့် စက်လှေပေါ်တွင် ထိုင်ရင်း ၎င်းကပြောသည်။

ပုဏ္ဏားကျွန်းဆေးရုံတွင် သမီးမိန်းကလေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။ မီးဖွားပြီး  သုံးရက်အကြာတွင် စခန်းသို့ ပြန်လာစဉ် Myanmar Now က သူတို့ မိသားစုနှင့် တွေ့ဆုံနိုင်ခဲ့ခြင်း ဖြစ်သည်။

၆ ပေ ပတ်လည်ခန့် ကျယ်ဝန်းပြီး ဝါးလုံးထောင်၊ တာလဘတ်မိုးကာထားသည့် သူတို့၏ တဲမှာ မိသားစု  တိုးဝှေ့ အိပ်စက်ရသည့် နေရာ ဖြစ်ပြီး ထိုနေရာတွင်ပင် ချက်ပြုတ်စားသောက် ကြသည်။

 

ph2-jpg.jpg

 ကျောက်တော်မြို့နယ်၊ ကျွန်းသာယာ ကျေးရွာမှ မပြိုင်သက်ဦးနှင့် သူ၏ ရင်သွေးငယ် (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

ကျောက်တော်မြို့နယ်၊ ကျွန်းသာယာ ကျေးရွာမှ မပြိုင်သက်ဦးနှင့် သူ၏ ရင်သွေးငယ် (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

၂၀၁၉ နှစ်ကုန်ပိုင်းမှ စတင်ပေါ်ပေါက်လာသော တိုက်ပွဲများကြောင့် စစ်ရှောင်ကြရသူတို့ကို ကူညီမှုများမှာ လုံလောက်ခြင်း မရှိသေးပေ။ မထွေးကဲ့သို့ နို့တိုက်မိခင်များအတွက် လိုအပ်သည့် အဟာရ အထောက်အပံ့မှာလည်း  အလွန်ပင် အားနည်းနေသေးသည်။

ရန်ကုန်-စစ်တွေ ကားလမ်းဘေး ကျောက်တော်မြို့နယ်အတွင်းရှိ ကန်စောက်ရွာဘုန်းတော်ကြီးကျောင်းတွင် ဖွင့်ထားသည့် စစ်ရှောင်စခန်းတွင် ရွာအသီးသီးမှ ဒေသခံ ၅ဝဝ နီးပါး ခိုလှုံလျက်ရှိရာ ၎င်းတို့အထဲမှ

ခမီတိုင်းရင်းသူ မပြိုင်သက်ဦး၊ ရခိုင်တိုင်းရင်းသူ မအေးအေးနုတို့သည် စခန်းရောက်ပြီး ရက်အနည်းငယ် အကြာတွင် မီးဖွားခဲ့သူများဖြစ်သည်။

မြေပြင် ပစ်ခတ်မှု၊ လေကြောင်းမှ ပစ်ခတ်မှုတို့ ပါဝင်သော တိုက်ပွဲက ရွာအနီး ဖြစ်ပွားလာခြင်းကြောင့် နေရပ်မှ ထွက်ပြေးရသည့် ဤအမျိုးသမီးနှစ်ဦးအတွက် ကံကောင်းသည့် အချက်မှာ ရောက်ရှိခိုလှုံသည့်ရွာတွင် ကျေးလက်ကျန်းမာရေးဌာန ရှိနေခြင်းပင်။  သို့သော်လည်း မြန်မာပြည်၏ အဆင်းရဲဆုံးဒေသတစ်ခုဖြစ်သော ရခိုင်ပြည်နယ်အတွင်းရှိ အဆိုပါ သားဖွားခန်းက ပေးနိုင်သည့် ဝန်ဆောင်မှုမှာ အကန့်အသတ်ကြီးလှသည်။

“(အဲဒီနေရာမှာ) ထမင်းတစ်ခုပဲ ရှိတယ်၊ တခြား ဘာမှ မရှိပါဘူး” ဟု ၃၈ နှစ် အရွယ် မပြိုင်သက်ဦးက ပြောသည်။

သူ့နည်းတူ သွေးနုနု သားနုနု မအေးအေးနုသည်လည်း   မီးတွင်းကာလ ဂရုတစိုက် နေထိုင်ရန် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် အလှမ်းဝေးလွန်းနေသည်။ သို့သော်လည်း မအေးအေးနုသည် မီးဖွားပြီး သုံးရက်အကြာတွင် မွေးကင်းစရင်သွေးကိုပိုက်ပြီး ဂရုစိုက်ရန် လိုအပ်သည့် သူ၏ ဘုစုခရု ကလေးနှစ်ဦးရှိရာ စစ်ရှောင်စခန်းသို့  ပြန်ခဲ့သည်။

 

ph-6.jpg

စစ်ရှောင်တချို့သည် ကလေးငယ်များကို ဂရုစိုက်ရသဖြင့် နေရပ်စွန့်ခွာရာလမ်းတွင် အိုး၊ ခွက်၊ ပန်းကန် အနည်းငယ်ကိုသာ သယ်လာခဲ့ကြသည်။ (ဒုံးသိမ်စစ်ရှောင်စခန်း၊ ဘူးသီးတောင်မြို့နယ်) (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

စစ်ရှောင်တချို့သည် ကလေးငယ်များကို ဂရုစိုက်ရသဖြင့် နေရပ်စွန့်ခွာရာလမ်းတွင် အိုး၊ ခွက်၊ ပန်းကန် အနည်းငယ်ကိုသာ သယ်လာခဲ့ကြသည်။ (ဒုံးသိမ်စစ်ရှောင်စခန်း၊ ဘူးသီးတောင်မြို့နယ်) (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

မိခင်နှင့် အာဟာရ

စစ်တွေ အခြေစိုက် ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက နှစ်လကြာ တိုက်ပွဲတို့ကြောင့်  စစ်ဘေးရှောင် ၅,၁၆၀  ရှိလာသည်ဟု သတင်းထုတ်ပြန်ထားသည်။ ဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံက နေရပ်စွန့်ခွာလာရသူများထဲတွင် ၆ လအောက် ကလေး အရေအတွက် ၈ဝ၊  ၂ နှစ်အောက်  ၁၅၀ ခန့် ပါဝင်နိုင်သည်ဟု ခန့်မှန်းထားသည်။

“ဆရာဝန် မရှိပါ။ ယာယီဆေးခန်း နေ့ဘက် တချို့နေရာတွေရှိပါတယ်။ မိခင်တွေအတွက် ဓာတ်စာများ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်-စစ်တွေ ကားလမ်းနံဘေးတွင် တည်ရှိသည့် ဝါးတောင်စစ်ရှောင်စခန်းတွင် လူဦးရေ တစ်ထောင်ကျော် ခိုလှုံနေပြီး ထိုစခန်းတွင်မူ ကျန်းမာရေးဌာန၏ဆေးပေးခန်းကို တွေ့ရသည်။ ထိုစစ်ရှောင်စခန်းရှိ သားဖွားဆရာမ နန်းအေးလှိုင်က  ၎င်းတို့ထံတွင် ကိုယ်ဝန်ဆောင် ၄၅ ဦး ရှိနေရာ ၅ ဦးမှာ မွေးရက် နီးနေပြီဟု ဆိုသည်။

ကိုယ်ဝန်ဆောင်များ အတွက်လိုအပ်သည့် သံဓာတ် အားတိုးဆေး၊ ကာကွယ်ဆေးများ လုံလောက်စွာ ပေးထားပြီး ကိုယ်ဝန် ၉ လ အထက် ရှိနေသူတို့အတွက် B1 ဆေးလုံးများ ပေးဝေထားသည်ဟု ပြောသည်။

 

ph-7.jpg

ဟင်းသီးဟင်းရွက် အသားပေး နေ့လယ်စာအတွက် ချက်ပြုတ်ပြင်ဆင်နေသည့် အမျိုးသမီး။ (ဝါးတောင်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်) (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

ဟင်းသီးဟင်းရွက် အသားပေး နေ့လယ်စာအတွက် ချက်ပြုတ်ပြင်ဆင်နေသည့် အမျိုးသမီး။ (ဝါးတောင်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်) (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

မြန်မာနိုင်ငံတွင်  ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းကြောင့်  အမျိုးသမီး ၂,၈၀၀  နှစ်စဉ် သေဆုံးနေရသည်ဟု ၂၀၁၄ သန်းခေါင်စာရင်း  နောက်ဆက်တွဲထုတ်ပြန်ချက်ကို လေ့လာ ကိုးကားပြီး ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က ၂၀၁၆ နှစ်ကုန်ပိုင်းတွင် တွက်ချက် ထုတ်ပြန်ခဲ့သည်။ ဤကိန်းဂဏန်းအရ ဆိုလျှင် နေ့စဉ် ကိုယ်ဝန်ဆောင်မိခင် ၈ ဦး သေဆုံးနေသည်။

ထိုအဖွဲ့၏ ပြီးခဲ့သည့်နှစ် နှစ်လယ်ပိုင်း သတင်းထုတ်ပြန်ချက်တစ်ခုတွင် ရခိုင်ဒေသ ကိုယ်ဝန်သည်တို့အကြောင်း ပါဝင်သည်။ ဤပြည်နယ်၏ ကိုယ်ဝန်ဆောင် အရေအတွက် တစ်သိန်းတွင်  သေဆုံးမှုနှုန်း ၃၁၄ ဦး ရှိသည်ဟု ဆိုသည်။

ယောကျ်ားဖောင်စီး၊ မိန်းမမီးနေဟူသော စကားအတိုင်း ကိုယ်ဝန်ဆောင် အမျိုးသမီးတို့သည် အသက်အန္တရာယ်နှင့်  နီးလှသည်။ ရခိုင်ပြည်နယ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသဖြင့် အဆိုပါ တိုက်ပွဲဒေသမှ ကိုယ်ဝန်သည်တို့အတွက်မူ အန္တရာယ်က တစ်ခုထက် ပိုနေတတ်သည်။

ပဋိပက္ခဒေသ ကိုယ်ဝန်သည်တို့၏ လိုအပ်ချက်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှ ဒေါက်တာမြတ်သန့်ကို Myanmar Now က မေးမြန်းခဲ့သည်။

“မီးတွင်းဆိုတာ အမျိုးသမီးတစ်ယောက်အတွက် အထူး အခွင့်အရေး ရကို ရရမယ့် အနေအထား။ အဲဒီ အနေအထားမှာ စစ်ရှောင်စခန်း ရောက်နေတယ် ဆိုတော့ ကျွန်မ ဖြေစရာ မလိုတော့ပါဘူး” ဟု ဒေါက်တာမြတ်သန့်က ပြောသည်။

၎င်းသည် ရန်ကုန်တွင် မြင့်မိုရ် မေတ္တာဂေဟာ  တည်ထောင်ပြီး တစ်ကိုယ်ရေ မိခင်များကို ကူညီနေသူဖြစ်သည်။

 

ph-4.jpg

စစ်ရှောင်စခန်းတွင် ခိုလှုံရေး၊ ဇနီးသည် မထွေး မီးဖွားရန် မြို့နယ်ဆေးရုံသို့ သွားရောက်ရေးတို့အတွက် အသုံးပြုခဲ့သည့် စက်လှေပေါ်တွင် တွေ့ရသော ပုဏ္ဏားကျွန်းမြို့နယ်မှ ခင်ပွန်း ကိုထွန်းဝေ  (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

စစ်ရှောင်စခန်းတွင် ခိုလှုံရေး၊ ဇနီးသည် မထွေး မီးဖွားရန် မြို့နယ်ဆေးရုံသို့ သွားရောက်ရေးတို့အတွက် အသုံးပြုခဲ့သည့် စက်လှေပေါ်တွင် တွေ့ရသော ပုဏ္ဏားကျွန်းမြို့နယ်မှ ခင်ပွန်း ကိုထွန်းဝေ (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

မွေးဖွားပြီးကာစ အမျိုးသမီးများအတွက် ကောင်းမွန်သည့် အစာအဟာရများလိုအပ်ပြီး မိခင်ကျန်းမာမှသာ ရင်သွေးမှာလည်း ကျန်းမာမည်ဖြစ်ကြောင်း၊ တိုက်ပွဲနှင့် နီးကပ်စွာ နေထိုင်ခဲ့ရပြီး စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသည့် ကိုယ်ဝန်ဆောင်များ၊ မီးဖွားပြီးသူများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ ရှိသည့်အတွက် ပိုမို ဂရုစိုက်ပေးရန် လိုကြောင်း ၎င်းက ထောက်ပြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးအရာရှိ ဦးရဲမင်းဦးက ရခိုင်ပြည်နယ်တွင် ၂ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင် မိခင်တို့အတွက် သုံးစွဲရမည့် ငွေကြေးပမာဏ သီးသန့်ရှိနေကြောင်း၊ ထိုငွေကို စစ်ရှောင် မိခင်နှင့် ကလေးတို့အတွက်  ပြောင်းလဲ အသုံးပြုနိုင်ကြောင်း ပြောသည်။

“အရေးပေါ် အခြေအနေမှာလည်း ပုံမှန် ဆောင်ရွက်ရမယ် ဆိုတာ ကျွန်တော်တို့မှာ ရှိပြီးသားမူပဲလေ” ဟု ၎င်းက ပြောသည်။

ရခိုင်ဒေသ စစ်ရှောင် ကိုယ်ဝန်ဆောင်တို့နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

 

ph-5.jpg

စစ်ရှောင်စခန်းတွင် ခိုလှုံရေး၊ ဇနီးသည် မထွေး မီးဖွားရန် မြို့နယ်ဆေးရုံသို့ သွားရောက်ရေးတို့အတွက် အသုံးပြုခဲ့သည့် စက်လှေပေါ်တွင် တွေ့ရသော ပုဏ္ဏားကျွန်းမြို့နယ်မှ ခင်ပွန်း ကိုထွန်းဝေ  (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

စစ်ရှောင်စခန်းတွင် ခိုလှုံရေး၊ ဇနီးသည် မထွေး မီးဖွားရန် မြို့နယ်ဆေးရုံသို့ သွားရောက်ရေးတို့အတွက် အသုံးပြုခဲ့သည့် စက်လှေပေါ်တွင် တွေ့ရသော ပုဏ္ဏားကျွန်းမြို့နယ်မှ ခင်ပွန်း ကိုထွန်းဝေ (ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

မရေမရာ အနာဂတ်

အထက်သင်ပုန်းတန်းစစ်ရှောင် စခန်းသို့ ရောက်နေသူ မထွေးတို့ မိသားစုသည် အရပ်တစ်ပါးသို့ တိမ်းရှောင်ထွက်ပြေးရာတွင် မဖြစ်မနေ  သယ်ဆောင်ရမည့် ပစ္စည်းတို့ ရှိသော်လည်း လှေမဆံ့သဖြင့် လူသာ လိုက်ပါခဲ့ရသည်။

မွေးကင်းစကလေးကို နို့တိုက်နေသည့် မထွေးက သြရမတောင်ခြေမှ ရိပ်သိမ်းချိန်တန်ပြီဖြစ်သည့် တောင်ယာ စပါးခင်း၊ မွေးမြူထားသည့် ကျွဲ၊ နွား၊ ကြက်၊ ဝက်နှင့် လုပ်ငန်းခွင်တို့ကို သတိရနေမိသဖြင့် ရင်ထဲတွင် ပို၍ နာကျင်ရသည်။ နေ့စဉ်လုပ်ငန်းခွင်နှင့် ၎င်း၏ သား၊ သမီးများ၏ ပညာရေးအတွက် ရွာသို့ပြန်ချင်သည်ဟု ပြောသည်။ သို့သော်လည်း စစ်ရှောင်စခန်းတွင် မည်မျှကြာ သောင်တင်မည် ဆိုသည်ကို သူအပါအဝင် မည်သူမျှ မသိနိုင်သေးပေ။

နိုင်ငံအရှေ့ပိုင်းတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခြင်းကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာပြီး ၎င်းတို့အတွက် စစ်ရှောင်စခန်းများ ပေါ်ပေါက်ခဲ့လာသည်။ ယခု အလှည့်ကျသည်မှာ မထွေးတို့ နေထိုင်ရာ နိုင်ငံအနောက်ပိုင်းဖြစ်သည်။

“တိုက်ပွဲဖြစ်နေတာက နှစ်ဦးနှစ်ဘက်။ ကျွန်မတို့ ပြည်သူက ခံနေရတယ်။ တိုက်ပွဲကို ငြိမ်စေချင်တယ်။ တိုက်ပွဲ ငြိမ်မှ ကျွန်မတို့ လွတ်လွတ် လပ်လပ် နေလို့ရမယ်” ဟု မထွေးက ပစ်ခတ်မှုများ ရှိနေသည့် သြရမတောင်ဘက်သို့  ငေးရင်း ပြောလိုက်သည်။

Mizzima Weekly