မကွေးတိုင်းဒေသကြီးတွင်၂၀၁၈ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း (၁၆၁၀)မှုဖြစ်ခဲ့ပြီး ၃၆ရဦးသေဆုံးခဲ့

မကွေးတိုင်းဒေသကြီးတွင်၂၀၁၈ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း (၁၆၁၀)မှုဖြစ်ခဲ့ပြီး ၃၆ရဦးသေဆုံးခဲ့

မကွေး၊ဇန်နဝါရီ ၂၉ ။             ။ မကွေးတိုင်းဒေသကြီးတွင်၂၀၁၈ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း (၁၆၁၀)မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ(၂၇၉၉)ဦး ရှိခဲ့ကာ သေဆုံးသူ(၃၆၇)ဦးရှိခဲ့ကြောင်း တိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုဥက္ကဋ္ဌ ဆောက်လုပ်ရေးနှင့် ပိုဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက ပြောကြားသည်။

 “မကွေးတိုင်းဒေသကြီးအတွင်းမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ဆိုင်ကယ်ပေါင်း (၄၉၅၁၇၀)စီးရှိပြီး ဆိုင်ကယ်မောင်း လိုင်စင်စောင်ရေ (၂၉၀၈၃၈)သာ ရှိတဲ့အတွက် လိုင်စင်မရှိဘဲ မော်တော်ဆိုင်ကယ်မောင်းနှင်သူပေါင်း (၂)သိန်းကျော်ရှိနေပါတယ်။ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်နေကြတာ ယာဉ်အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေပါတယ်”ဟု ဝန်ကြီးဦးတင်နွယ်ဦးက ပြောသည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၈-ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၁၆၁၀)မှု ဖြစ်ပွား ခဲ့ပြီး ဒဏ်ရာရသူ(၂၇၉၉)ဦး ရှိခဲ့ကာ သေဆုံးသူ(၃၆၇)ဦးရှိခဲ့ကြောင်း ထို့အပြင် မော်တော်ဆိုင်ကယ် ပါဝင်သည့် ယာဉ်မတော်တဆမှုများတွင် သေဆုံးသူ (၂၇၇)ဦးအထိရှိခဲ့ကြောင်း သိရသည်။

“၂၀၁၈-ခုနှစ်အတွင်းမှာ မော်တော်ဆိုင်ကယ်မောင်းလိုင်စင် (၃၀၇၃၀)သာ စစ်ဆေးထုတ်ပေးနိုင်ခဲ့ပါတယ်။ လိုင်စင်မရှိရင် အရေးယူခံရမှာဖြစ်တဲ့အတွက် ယာဉ်အန္တရာယ်ကင်းဝေးရအောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး သင်တန်းတက်၊ လိုင်စင်ပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု ဝန်ကြီးက ဆိုသည်။

ယာဉ်အန္တရာယ်ဖြစ်မှုနည်းစေရန်နှင့် ဆိုင်ကယ်ကို စနစ်တကျ စီးနင်းနိုင်ကြစေရန်အတွက် ယာဉ်မောင်းလိုင်စင်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် အမြန်လုပ်ပေးကြပါရန် ယာဉ်အန္တရာယ် မဖြစ်စေရန် သတိပြုကြပါရန်နှင့် အရှိန်ပြင်းစွာ မမောင်းကြ၊ မစီးကြရန်၊ လိုင်စင် လုပ်ဆောင်ကြရန်၊ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းကြပါရန် မေတ္တာရပ်ခံပါကြောင်း ဝန်ကြီးက ဆက်ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုဖြင့် ၂၀၁၇-ခုနှစ်တွင် (၃၈၆)ဦး၊၂၀၁၈-ခုနှစ်တွင် (၃၆၇)ဦး သေဆုံး ခဲ့၍ ၂၀၁၈တွင် သေဆုံးမှု လျော့နည်းလာကြောင်း သို့သော်လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို ပြည်သူလူထုအနေဖြင့်  အထူးဂရုပြုလိုက်နာလာကြပါက ထိခိုက်မှုသေဆုံးမှုများ လျော့နည်းလာမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly