လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

မနေ့တုန်းက စာတစ်ပုဒ်ရဲ့ နိဂုံးပိုင်းကို ဥပမာတစ်ခုနဲ့ စတင်ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ အဲဒီမနေ့ကစထားခဲ့တဲ့ စာပုဒ်တပုဒ်ရဲ့ နိဂုံးပိုင်းအကြောင်းပဲ ဆက်ပြီးဆွေးနွေးဖို့ရှိပါတယ်။

နိဂုံးပိုင်းဟာ စာတစ်ပုဒ်ရဲကို ခြုံငုံလွှမ်းမိုးနိုင်တဲ့ အရေးအသားနဲ့ နိဂုံးချုပ်တာမျိုးနဲ့ စာတစ်ပုဒ်လုံးရဲ့ရည်ရွယ်ချက်ကိုပဲ့တင်ထပ်စေတဲ့သဘောဖြစ်တယ်လို့ မနေ့ကပြောခဲ့ပါတယ်။ ဥပမာတစ်ခုနဲ့လည်း စတင်ဆွေးနွေးခဲ့ပါတယ်။ နောက်ထပ်ဥပမာတစ်ခု ဒီကနေ့ထပ်ပြောပြချင်ပါတယ်။

မြို့ကလေးတစ်မြို့ရဲ့ လမ်းဆုံတစ်ခု ညနေဆည်းဆာအချိိန်မြင်ကွင်းကိုရေးရင် ဟောသလိုနိဂုံးချုပ်ထားပုံကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

    “ကျွဲပွဲမြို့ကလေးရဲ့ ညနေဆည်းဆာအချိန် ရန်ကုန်မန္တလေး မဟာဗျူဟာလမ်းမကြီးနဲ့ မြို့တွင်းဝင်လမ်း ဆုံရာလမ်းဆုံမှာ တခြားအချိန်များထက် လူသွားလူလာများပါတယ်။ ညနေဆည်းဆာအချိန်ကြကာမှာ ဆိုင်ကယ်တွေ စက်ဘီးတွေကားတွေက ပိုပြီး ပျားပန်းခတ်သွားလာကြပါတယ်။ စျေးဆိုင်တွေမှာ လူဝင်လူထွက် ပိုများလာတယ်လို့လည်း ပြောနိုင်ပါတယ်။ ဒိီလမ်းဆုံက ကျွဲပွဲမြို့ကလေးနဲ့ တခြားမြို့ရွာတွေ ကူးလူးသွားလာလို့ရတဲ့ တစ်ခုတည်းသော လမ်းဆုံဖြစ်တာမို့ ဆည်းဆာချိန်ရောက်လာလေ လူသွားလူလာပိုများလာလေပါပဲ။ ဒါပေမယ့် နာရီပိုင်းအတွင်းမှာ နေရောင်ခြည်များ အင်အားဆုတ်ရုပ်သွားတဲ့အခါမတော့ လမ်းဆုံမှာ လူသွားလူလာနည်းသွားပါတော့တယ်။ ကားသံ မော်တော်ဆိုင်ကယ်သံတွေ ပါးသွားခဲ့ပါတယ်။ နောက်ဆုံးတွင်မူ လမ်းဆုံတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး လမ်းပေါ်က လူတစ်ယောက်လျှောက်လာတဲ့ ဖိနပ်လျှပ်တိုက်ကိုပင်လျင် အတိုင်းသားကြားရလောက်အောင် တိတ်ဆိတ်သွားပါတော့တယ်။”

ဒါကတော့ မြို့ကလေးတစ်မြို့ရဲ့ လမ်းဆုံတစ်ခုအကြောင်းရေးတဲ့ ဆောင်းပါးတစ်ပုဒ် နိဂုံးချုပ်ထားပုံပါပဲ။ တနေ့လုံး ဆူညံလှုပ်ခတ်နေတဲ့ လမ်းဆုံတစ်ခုရဲ့ တဖြေးဖြေးတိတ်ဆိတ်ငြိမ်သက်သွားပုံကို မြင်သာအောင်ရေးပြီးမှ နိဂုံးချုပ်လိုက်တာ တွေ့ကြရမှာပါ။
စာတစ်ပုဒ်လုံးရဲ့ အဓိကဆိုလိုချက်ကို လေးနက်သည်ထက်လေးနက်ထင်ရှားစေဖို့ စာဟန်ပေဟန်နဲ့ ထပ်ကာထပ်ကာရေးပြီး နိဂုံးချုပ်တာမျိုးလည်း ရှိပါတယ်။ ဥပမာ အောက်ပါ နိ့ဂုံးစာပိုဒ်ကို လေ့လာကြည့်ပါ။ ဒါကတော့ စစ်ပြီးခေတ်စာရေးဆရာကြီး မင်းဆွေက သူ့ရဲ့ နာမည် လို့အမည်ပေးထားတဲ့ ကျမ်းတစ်စောင်ကို အခုလိုနိဂုံးချုပ်ထားတာတွေ့ရပါတယ်။

“…နိပွန်ပြည် နိပွန်လူမျိုးတို့၌ ခေတ်အစားဆုံး မရိုးနိုင်ဆုံးသောစကားတစ်ခွန်းသည် ရှိ၏။ ထိုစကားလေးကို သင်၏ အဖိုးထိုက်တန်လှသော လက်ဆောင်ထူးအဖြစ် နိဂုံးချုပ်ဖေါ်ပြပါရစေ။

ကျားသေလျင် သားရေကျန်ရသည်။
လူသေလျင် နာမည် ချန်ရသည်။
ဒုတိယအကြိမ် ဆိုပါဦးမည်။
ကျားသေလျင်သားရေကျန်ရသည်။
လူသေလျင် နာမည် ချန်ရသည်။
တတိယအကြိမ် ဆိုပါဦးအ့ံ။
ကျားသေလျင် သားရေကျန်ရသည်။
လူသေလျင် နာမည်ချန်ရသည်။ ”

နိဂုံးချုပ်ပုံ နောက်ထပ်စာပိုဒ်တစ်ခု ပြပါအုန်းမယ်။ ဒါကတော့ လမ်းညွှန်ချက်ပေးတဲ့သဘောပြောပြီး နိဂုံးချုပ်တာမျိုးပါပဲ။

“လူတချို့သည် သူတပါးကို အားကိုးတတ်ကြသည်။ မည်သည့်အလုပ်မဆို သူတပါးအကူအညီကို ယူပြီးမှလုပ်ချင်ကိုင်ချင်ကြ၏။ အခက်အခဲ ကြီးသည်ငယ်သည်မဟူ သူတပါးအကူအညီမပါလ်ျင် အောင်မြင်အောင်မလုပ်နိုင်ဟု စိတ်အားငယ်တတ်ကြ၏။ ကြာသော် ထိုသို့သောလူများမှာ ကိုယ်စွမ်းကိုယ်စ အားနည်းသည်ထက်အားနည်းကာ ဘဝတွင် ကိုယ်တိုင်ရပ်ဖို့ ခက်ခဲလာကြရ၏။ ထို အကျင့် ထိုစိတ်ထားသည် မကောင်း။ မှား၏။ တကယ်ထားရှိသင့်သည့် စိတ်ထားမှာ မည်သည်အလုပ်မဆို ကိုယ်တိုင်အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်သည်။ လူသည် စိတ်ထက်သန်မှုလည်းရှိ ပိုင်းဖြတ်ချက်လည်းခိုင်မာကာ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိလျင် ဘယ်အရာမဆို မအောင်မြင်စရာအကြောင်းမရှိ။ ထို့ကြောင့် ကြိုးစားက ဘုရားဖြစ်နိုင်သည်ဟူသောစကားမှာ အမှန်ပင်ဖြစ်ချေသည်။”

ဒီ စာပိုဒ် ဒီနိဂုံးချုပ်စာပိုဒ်ကိုဖတ်ကြည့်လျင် ဘယ်သူမဆို ကိုယ့်ကိုယ်ကိုအာကိုးတဲ့စိတ်က အဓိကကျတဲ့ကြောင်း လမ်းညွှန်တဲ့သဘောပြောပြီး နိဂုံးချုပ်တာတွေ့ကြရမှာပါ။

နောက်ထပ် ဥပမာ ရှိပါသေးတယ်။ ဆရာသော်တာဆွေရဲ့ ထန်းသမားထေကြီးအကြောင်းရေးတဲ့ဝတ္ထုမှာ နိဂုံးချုပ်ရေးပုံလေးပါ။

ဒီဝတ္ထုလေးက ထေကြီးတစ်ဦးဟာ အေးဆေးငြိမ်သက် ရိုးရိုးကုတ်ကုတ် နေထိုင်တတ်တဲ့ ထန်းတက်သမားဖြစ်တဲ့အကြောင်း၊ ရွာသူကြီးက သူ့ကိုသနားလို့ ငယ်စဉ်ကတည်းက မွေးစားခဲ့ကြောင်း၊ သူကြီးကွယ်လွန်ပြီးနောက်ပိုင်း အရက်သမားတွေက မြှောက်ပေးတာကို အဟုတ်မှတ်ပြီး ထေကြီးဟာ ရွေးကောက်ပွဲမှာ ဝင်ပြီးအရွေးခံတဲ့အကြောင်း၊ တသက်လုံးစုဆောင်းထားခဲ့သမျှ ရွေးကောက်ပွဲအတွက် အကုန်သွန်အောပြီး သုံးတဲ့အကြောင်း ရှေ့ပိုင်းမှာ ပိီပီပြင်ပြင်ရေးပြီးတဲ့အခါ ဆရာသောတာဆွေက အဲဒီဝတ္ထုကို အခုလို နိဂုံးချုပ်ခဲ့ပါတယ်။

“ ထိုရွေးကောက်ပွဲပြီးသည်၌ ထေကြီးသည် ဤရွာတွင် တစ်လမျှကြာအောင်မနေတော့ဘဲ တစ်ရွာလုံးကိုဆဲရေးပြီး သာ်းမယားများကိုခေါ်ကာ အပြီးအပိုင် ထွက်ခွါသွားလေတော့၏။ ကြည့်စမ်း အားလုံး မဲသုံးထောင်ကျော်ရှိသည့်အနက် သူ မဲသုံးဆယ်မျှ ပြည့်အောင် မရချေတကား။”

ရိုုးရိုးကုတ်ကုတ်နေလာခဲ့ပြီးမှ အရက်သမားတွေစကား နားယောင်ပြီး ရွေးကောက်ပွဲဝင်ပြိုင်မိတဲ့ ထေကြီး မဲရှုံးရပုံကို အဆုံးသပ်ကြမှ ဖေါ်ပြလိုက်တာမို့ စာဖတ်သူတွေက ထေကြီးကို ဂရုဏာဒေါသဖြစ်ကြရလေအောင် ရေးပြီး နိဂုံးချုပ်လိုက်တာဟာ အင်မတန်လှပတဲ့ နိဂုံးချုပ်ပုံလေးပါပဲ။

ကဲ ဒီကနေ့လည်း ဒီနေရာမှာ ခဏနားလိုက်ကြရအောင်ပါ။ မနက်ဖြန်ကြမှ ဆက်ဆွေးနွေးကြရအောင်။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

 

Mizzima Weekly