နဒါးလ်ကို အနိုင်ယူပြီး သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ စံချိန်သစ် ရေးထိုးနိုင်ခဲ့တဲ့ ဂျိုကိုဗစ်

နဒါးလ်ကို အနိုင်ယူပြီး သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ စံချိန်သစ် ရေးထိုးနိုင်ခဲ့တဲ့ ဂျိုကိုဗစ်
Photo: EPA

တနင်္ဂနွေနေ့က သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဆားဘီယားကစားသမား ဂျိုကိုဗစ်က ဝါရင့်စပိန်ကစားသမား ရာဖေးလ် နဒါးလ်ကို ၆-၃၊ ၆-၂၊ ၆-၃ နဲ့ ၃ ပွဲပြတ် အနိုင်ယူပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံဆုဖလား ၇ ကြိမ်ထိ ဆွတ်ခူးနိုင်ခဲ့တဲ့ အအောင်မြင်ဆုံး ကစားသမားအဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 ပွဲချိန် ၂ နာရီနဲ့ ၄ မိနစ်သာကြာမြင့်ခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်က ကစားပွဲကို အသာစီးနဲ့ လက်စွမ်းပြကစားနိုင်ခဲ့တာကြောင့် အခုလို ၃ ပွဲပြတ် နိုင်ခဲ့တာပါ။

"ကျနော် ပြီးခဲ့တဲ့ ၁၂ လုံးလုံး ကြိုးစားခဲ့ပါတယ်။ အတိအကျပြောရရင် ပြီးခဲ့တဲ့ ၁၂ လက ခွဲစပ်ကုသမှု ခံယူခဲ့ပါတယ်။ ဒီနေ့ ဒီနေရာမှာ ခင်ဗျားတို့ရှေ့ ရပ်တည်နေနိုင်ဖို့နဲ့ ဆုဖလားဆွတ်ခူးဖို့ အပြင်းအထန်ကြိုစားခဲ့ရပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဂရင်းစလင်းပြိုင်ပွဲ ၄ ခုမှာ ဆုဖလား ၃ ခုအထိ ရယူနိုင်ခဲ့တာက တကယ်ပဲ အံ့သြစရာကောင်းပါတယ်။ ကျနော် ပြောစရာ စကားတောင်မရှိတော့ပါဘူး။"လို့ ဂျိုကိုဗစ်က ပြောပါတယ်။

ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်တဲ့ ၇ ကြိမ်စလုံး ချန်ပီယံဆုယူနိုင်ခဲ့သူဖြစ်ပြီး သြစတြေးလျမှ ရွိင်းအီမာဆန်နဲ့ ဆွစ်ဇာလန်မှ ရော်ဂျာဖက်ဒါရာတို့ထက် တစ်ကြိမ်အသာနဲ့ ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကစားသမားဖြစ်လာပါတယ်။

ဒါ့အပြင် ၂၀၁၉ သြစတြေးလျအိုးပင်းဂရင်းစလင်းအပါအဝင် ဂရင်းစလင်းဆုဖလား ၁၅ လုံးဆွတ်ခူးနိုင်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ ဂရင်းစလင်းဆုဖလား အများဆုံး ဆွတ်ခူးနိုင်သူစာရင်းမှာ ပိတ်ဆမ်းပရက်စ်ကို ကျော်ဖြတ်ပြီး အဆင့် ၃ နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

သူ့ရဲ့အထက်မှာတော့ ဖက်ဒါရာ (ဆုဖလား၂၀ လုံး)၊ နဒါးလ် (ဆုဖလား ၁၇ လုံး) တို့ ရပ်တည်နေပါတယ်။

ဇန်နဝါရီ ၂၆ ရက်က ယှဉ်ပြိုင်သွားခဲ့တဲ့ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာတော့ ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာက ချက်တင်းနစ်မယ် ခီဗီတိုဗာကို ၇-၆(၇-၂)၊ ၅-၇၊ ၆-၄ နဲ့ (၂-၁ ပွဲ) အနိုင်ရကာ ပြိုင်ပွဲရဲ့ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။

သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဂျိုကိုဗစ် ချန်ပီယံဖြစ်ခဲ့တဲ့ နှစ်များ - 
၂၀၀၈၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၉

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly