ရန်ကုန်သည် စက်ဝိုင်းပုံမြို့ကြီးဖြစ်လာပြီး မန္တလေးသည် နယ်မြို့လေးအတိုင်းသာရှိနေဟု ဦးဖြိုးမင်းသိန်းဆို

ရန်ကုန်သည် စက်ဝိုင်းပုံမြို့ကြီးဖြစ်လာပြီး မန္တလေးသည် နယ်မြို့လေးအတိုင်းသာရှိနေဟု ဦးဖြိုးမင်းသိန်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ။          ။ မြို့နယ်ပေါင်း ၃၃ မြို့နယ်ဖြင့် ဖွဲ့စည်းထားသော ရန်ကုန်မြို့သည် စက်ဝိုင်းပုံအကြီးကြီး ဖြစ်လာနေပြီး မန္တလေး မြို့ မှာ နယ်မြို့လေးအတိုင်းသာ ရှိနေသေးသည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လှိုင်မြို့နယ် MICT Park ၌ ပြုလုပ်သော Yangon Bar Camp 2019သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က တက်ရောက်ခဲ့ပြီး "Reimagining Yangon" ခေါင်းစဉ်ဖြင့် ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အရင်တုန်းက လှည်းကူးမဲဆန္ဒနယ်ကိုသွားရင်ကြားမှာ ပြတ်သွားတယ်။ အခုက မပြတ်တော့ဘူးဗျ။ ကားအစီး ရေကလေ။ အဲ့တော့ မြို့ကြီးက စက်ဝိုင်းပုံကြီးအကြီးကြီး ဖြစ်လာတယ်။ မန္တလေးမြို့က တစ်ဒဿမ ရှစ်သန်း ရှိပါတယ်။ မန္တလေးမြို့ဟာ တစ်အိမ်ချင်းစီ ကျွန်တော် ခုဏပြောသလို ဒီအိမ်က ဘယ်သူ့အိမ်လဲ။ဒီအိမ်က ဘယ်သူ့အိမ်လဲ ပြောလို့ရတဲ့ အဆင့်မှာပဲ ရှိသေးတယ်။မန္တလေးမှာ မနက်ဆိုရင် ရေဖြန်းမယ် တံမြက်စည်း ထွက်လှဲမယ်ဆိုတာ မန္တလေးရဲ့ယဉ်ကျေးမှုပုံစံနဲ့ နယ်မြို့ပုံစံ ဆန်ဆန်လေးအတိုင်း သူက ရှိနေတယ်။ အဲ့ နေရာမှာ ပိုင်းလော့ပရောဂျက်တစ်ခုခုကို လုပ်မယ်ဆိုရင် ကျွန်တော်တို့ရန်ကုန်မှာဆိုရင် ဥပမာ ရှော့ပင်းမောကြီး တစ်ခု ပေါ်လာရင် စိတ်ထဲဘာမှ ခံစားရမှာမဟုတ်ဘူး။ ဒါစီးပွားရေးလာလုပ်တာပဲ။ ဒီအဆောက်အဦပေါ်မှာပဲ။ ဒါပေမယ့် မန္တလေးမှာတော့ ဒီလိုအဆောက်အဦးတစ်ခုပေါ်လာရင်တော့..”ဟု ဦးဖြိုးမင်းသိန်းကပြောကြားစဉ် ဆွေးနွေးပွဲ တက်ရောက်လာသူများက လက်ခုပ်တီး၍ အားပေးခဲ့ကြသည်။

Reimagining Yangon ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့သော အဆိုပါပွဲတွင် တက်ရောက်လာသူတစ်ဦးက မန္တလေးနှင့် ရန်ကုန်မြို့ ၏ဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ပြောဆိုနေကြမှုအပေါ် ဝန်ကြီးချုပ်အား မေးမြန်းစဉ် ဦးဖြိုးမင်းသိန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့မှာ စိန်ခေါ်မှုဘယ်လောက်ရှိလဲဆိုရင် နေစရာမရှိတဲ့လူတွေအများကြီးကျွန်တော်တို့မှာ ရှိနေ တယ်။ ငှားနေရတယ်။ အမျိုးမျိုးနဲ့ ပိုင်ဆိုင်မှုမရှိဘူး။ ရွှေ့ပြောင်းနေရတယ်။ အဲ့ဒိအတွက် တစ်နှစ်တစ်နှစ် တစ်သိန်းလောက် ဖန်တီးပေးရတယ်။ မဖန်တီးပေးနိုင်ရင် လူမှုဘဝဒုက္ခတွေ ကျွန်တော်တို့ ရောက်မယ်။ အဲ့လို အခြေ အနေမျိုးတွေဟာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဒီပြဿနာတွေကို ဖုံးဖိပြီးတော့ အားလုံးကောင်းပါတယ် ခင်ဗျာတော့ လုပ်လို့မရဘူးပေါ့။ပြဿနာတွေရှိတယ်။ ကုစားမယ်။ဒါပေမယ့်အချိန်ယူရမယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။

ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်တွင် မြို့နယ် ၃၃ မြို့နယ်ရှိပြီး တိုင်းဒေသကြီး တစ်ခု လုံးတွင်ရှိသည့် ၄၄ မြို့နယ်စလုံးသည် တစ်တွဲတည်းဖြစ်နေကြောင်း ရန်ကုန်မြို့သည်မြန်မာနိုင်ငံ၏ မီဂါစီးတီး ဖြစ်လာနိုင်မည့် မြို့တစ်ခုဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောခဲ့သည်။

ဓာတ်ပုံ- ဦးဖြိုးမင်းသိန်းဖေ့စဘွတ်ခ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly