တိုင်းရင်းလက်နက်ကိုင်များအနေဖြင့် ကတိကဝတ်ပါ သတ်မှတ်နယ်မြေသို့ ဆုတ်ခွာရန် တပ်မတော်သတိပေး

တိုင်းရင်းလက်နက်ကိုင်များအနေဖြင့် ကတိကဝတ်ပါ သတ်မှတ်နယ်မြေသို့ ဆုတ်ခွာရန် တပ်မတော်သတိပေး

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ။          ။ တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် ကတိကဝတ်ပါ သတ်မှတ်နယ်မြေအတွင်းသို့ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာကြရန် ဇန်နဝါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်ရပ်ကို တပ်မတော်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် တပ်မတော် စစ်ကြောင်းများအား ချောင်းမြောင်းပစ်ခတ်မှုခြင်း၊ ၎င်းတို့အဖွဲ့အချင်းချင်း ရန်လိုတိုက်ခိုက်ခြင်းနှင့် ဒေသခံပြည်သူများကို နှိပ်စက်သတ်ဖြတ်ခြင်း၊ သတ်မှတ်နယ်မြေကျော်လွန်လှုပ်ရှားခြင်းအပါအဝင် ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းတို့ကို ပြုလုပ်လာသဖြင့် ယခုလို သတိပေး ထုတ်ပြန်ရခြင်းဟု ဆိုသည်။

တပ်မတော်မှ အပစ်ရပ်စဲထားသည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အချင်းချင်းတိုက်ပွဲ ဖြစ်ပွားမှု ၁၃ ကြိမ်၊ နယ်မြေကျော်လွန်လှုပ်ရှားမှု ၁၆၈ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁၀ ကြိမ်၊ လူသစ်စုဆောင်းမှု ၂၀ ကြိမ်၊ တပ်မတော်အားချောင်းမြောင်းပစ်ခတ်မှု ၁၀ ကြိမ် နှင့် ကားမိုင်းဖြစ်စဉ်ဖြစ်ပွားမှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ ပြုလုပ်မှုများသည်လည်း “ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ” ပါ အပိုဒ်(၅)၊ (၆)နှင့် (၇)တို့အား အကြိမ်ကြိမ် ဖောက်ဖျက်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ရေးသားပါရှိသည်။

ယခုကဲ့သို့ ဖြစ်ပေါ်နေမှုများကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အကျိုးစီးပွားကို ထိခိုက်ခဲ့ရပြီး စစ်ဘေးရှောင်ဒုက္ခသည်များ များပြားလာမှုအပါအဝင် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ရေးကိုပါ ထိခိုက် လာသောကြောင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၉ ရက်တွင် ကျိုင်းတုံမြို့၌ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးခဲ့သည့် RCSS/ SSA အနေဖြင့် မြေပုံညွှန်း အတိအကျဖြင့် သတ်မှတ်ထားသည့် စာချုပ်ပါ နယ်မြေအတွင်းမှလည်းကောင်း၊ SSPP(ဝမ်ဟိုင်း)အဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နေပြည်တော်၊ ရတနာသိင်္ဃဟိုတယ်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေး မှတ်တမ်းအပိုဒ်(၂)ပါ တပ်မတော်၏ လျာထားမြေပုံပါအတိုင်း လိုက်နာရန်လည်းကောင်း၊ TNLA၊ AA နှင့် MNDAA တို့ အနေဖြင့်လည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည့် လက်နက်ကိုင် လမ်းစဉ်နှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် အပေါ်၌လည်းကောင်း၊ KNU နှင့် KNLA(PC) အဖွဲ့တို့အနေဖြင့် NCA စာချုပ်ပါအချက်များအားလည်းကောင်း တိကျစွာလိုက်နာကြရန် လိုအပ်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဇန်နဝါရီ ၂၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းအပြင် အဆိုပါ ကတိကဝတ်ပါ အသီးသီး သတ်မှတ်နယ်မြေအတွင်းသို့ ၂၀၁၉ ခုနှစ် ဖဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာကြရန် သတိပေးကြောင်းနှင့် တပ်မတော်၏ “ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်” ပါအတိုင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် သော်လည်းကောင်း၊ တပ်မတော်၏ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ နှင့်သော်လည်းကောင်း၊  ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို အမြန်ဆုံးပြုလုပ်သွားရန် ထုတ်ပြန်ချက်မှတဆင့် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required