မင်းလှမြို့နယ်တွင် ဘိန်းခင်းများအား ရှာဖွေဖျက်ဆီးမှုများ လုပ်ဆောင်နေ

မင်းလှမြို့နယ်တွင် ဘိန်းခင်းများအား ရှာဖွေဖျက်ဆီးမှုများ လုပ်ဆောင်နေ

မင်းလှ ဇန်နဝါရီ ၂၅ ။           ။ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ၊ တောတွင်းလျှိုမြောင်များတွင် စိုက်ပျိုးထားသည့် ဘိန်းခင်းများအား ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ပြီး မင်းလှမြို့နယ်တွင် ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေ ဖျက်ဆီးလျှက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်မြင့်ဦး ဦးဆောင်သည့် အမှတ်(၄)ဘိန်းခင်းရှာဖွေရေးစစ်ကြောင်းအဖွဲ့သည် မင်းလှမြို့နယ်အတွင်း ဘိန်းခင်းလျှို့ဝှက်စိုက်ပျိုးထားသည်များကို အပြင်းအထန်တောနင်း ရှာဖွေလိုက်လံ ဖျက်ဆီးလျှက်ရှိသည်ဟု မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက ပြောသည်။

“ ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ပြီး အုန်းစောကျေးရွာ၊နတ်တောင်ကျေးရွာဘက်တွေက တောတွင်းလျှိုမြောင်တွေထဲမှာ ဘိန်းခင်းတွေ စိုက်ပျိုးမှု ရှိ၊ မရှိ တောနင်း ရှာဖွေခဲ့ကြပါတယ်၊ အဲဒီကတစ်ဆင့် ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခွဲအချိန်မှာ ဆင်တောင်ကျေးရွာဘက်က တောတွင်းလျှိုမြောင်တွေထဲကို ထပ်မံတောနင်းရှာဖွေခဲ့ကြပါတယ်” ဟု ရဲမှူးထင်အောင်လင်းက ပြောသည်။

“လျှိုမြောင်တွေထဲမှာတောနင်းရှာဖွေကြရင်းနဲ့ ဆင်တောင် ကျေးရွာမရောက်ခင်ဆင်တောင်ကျေးရွာရဲ့တောင်ဘက် (၂)မိုင်ခွဲခန့်အကွာအဝေးမှာရှိတဲ့ ဆင်တောင် တောင်ကြောရဲ့တောင်စောင်းမှာ(၁.၁၄)ဧက အကျယ်အဝန်းရှိတဲ့ ဘိန်းခင်းတစ်ခင်းကို ဇန်နဝါရီလ ၁၃ ရက် နေ့လည် ၁နာရီ ၂ဝမိနစ်အချိန်မှာ ရှာဖွေတွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်” ဟု ရဲမှူးထင်လင်းအောင်က ဆိုသည်။

တောနင်းရှာဖွေတွေ့ရှိခဲ့သည့်ဘိန်းပင်များမှာ အပင် အမြင့်(၂)ပေခွဲခန့်ရှိပြီး အချင်း(၁)လက်မ ခန့်ရှိ အသီးများ၊ အချင်း(၁)လက်မခွဲခန့်ရှိ အပွင့်များဖြင့်(၁.၁၄)ဧက အကျယ်အဝန်း စိုက်ပျိုးထားသည်ကို စစ်ကြောင်းအဖွဲ့မှ တွေ့ရှိသဖြင့် ၎င်းဘိန်းခင်းအား ဖျက်ဆီး၍ တောနင်းရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly