ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကိုအသုံးပြု၍ မြန်မာဘက်သို့ ပစ်ခတ်လာမှု အရေးယူပေးရန် သံတမန်စာပေးပို့

ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကိုအသုံးပြု၍ မြန်မာဘက်သို့ ပစ်ခတ်လာမှု အရေးယူပေးရန် သံတမန်စာပေးပို့
ဓာတ်ပုံ-MOI

ဇန်နဝါရီ ၂၅ ။              ။ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို အသုံးပြု၍ မြန်မာနိုင်ငံဘက်သို့ ဗုံးပစ်လောင်ချာ ဗုံးသီး ၄ လုံးနှင့် လက်နက်ငယ်ဖြင့် အချက် ၂၀၀ ပစ်ခတ်လာမှုနှင့် ပတ်သက်ပြီး အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတို့က ခေါ်ယူတွေ့ဆုံ အသိပေး၍ သံတမန်စာပေးပို့ခဲ့သည်။

ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်က အတည်မပြုနိုင်သော လက်နက်ကိုင်အစုအဖွဲ့က ထိုသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နယ်စပ်ခြံစည်းရိုးပြင် အလုပ်သမားတစ်ဦး သေဆုံးခဲ့သည်။

ယခုလို တိုက်ခိုက်မှုအတွက် “မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ရင်းနှီးချစ်ကြည်ပြီး ကောင်းမွန်သော ဆက်ဆံရေး ရှိသည့် အိမ်နီးချင်းတို့ ဖြစ်သည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ လုံးဝ လက်ခံမသည့် မူဝါဒ ချမှတ်ထားကြောင်း၊ ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေကို အသုံးပြု၍ မြန်မာနိုင်ငံအား ထိပါးနှောက်ယှက် ရန်ပြုလာ သည်ကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် ပြောကြားကာ သံတမန်စာ ပေးအပ်ခဲ့ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဇန်နဝါရီ ၂၄ ရက်နေ့က နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်မှုအတွက် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား ၎င်းနေ့ နံနက် ၇ နာရီ ၄၄ မိနစ်ခန့်တွင် နယ်စပ်ခြံစည်းရိုးမှ မီတာ (၂၀၀) အကွာခန့် နေရာမှ ဗုံးပစ်လောင်ချာ ဗုံးသီး ၄ လုံး၊ လက်နက်ငယ် အချက် ၂၀၀ ခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နယ်ခြားစောင့် တပ်စခန်းအား မည်သည့်အဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်သော်လည်း  ARSA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇန်နဝါရီ ၂၄ ရက်နေ့က မဇ္စျိမသို့ ဖြေကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly