ပဲခူးတိုင်း သဲကုန်းမှ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ပဲခူးတိုင်း သဲကုန်းမှ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ။             ။ အုတ်ထုတ်လုပ်မှုအတွက် အုတ်လုပ်ငန်းရှင်များထံမှ ငွေကြေးရယူခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး(ဟောင်း) အပါအဝင် ၃ ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဇန်နဝါရီလ ၂၄ ရက်တွင် အမှုဖွင့်လှစ်အရေးယူလိုက်သည်။

သဲကုန်းမြို့နယ်၊ အင်းမမြို့နေ နစ်နာသူတို့က သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်ရှိ အုတ်လုပ်ငန်းရှင်များထံမှ အုတ်ထုတ်လုပ်မှုအတွက် ငွေများကောက်ယူပြီး လိုင်စင်ထုတ်မပေးဘဲ ကိုယ်ကျိုးရယူသုံးစွဲနေသည့် သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်းအား အရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

တိုင်ကြားစာအရ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်းသည် မြေနီလုပ်ငန်းရှင်ထံမှ ငွေကျပ် ၃၇ သိန်းကို လက်ခံရယူ ခဲ့ခြင်းနှင့် ၂၀၁၇-၂၀၁၈ အုတ်ဖုတ်ရာသီအတွင်း လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်များထံမှ ဓာတ်သတ္တုခွန်အဖြစ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော ငွေကျပ် ၂၂၄၄ဝဝဝိ/-ကို ရယူခဲ့ခြင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှသည် ၂၀၁၇-၂၀၁၈ အုတ်ဖုတ်ရာသီအတွင်း လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်များထံမှ ကောက်ခံ ရရှိငွေများအနက် ငွေကျပ် (၈) သိန်းနှင့် ၂၀၁၈ ခုနှစ်အတွင်း ကွင်းဆင်း ကောက်ခံရာမှ ရရှိငွေကျပ် (၄) သိန်းတို့အား ရယူခဲ့ခြင်း၊ သဲကုန်းမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးခင်ဇော်သည် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ဓာတ်သတ္တု ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင် ပြုလုပ်ရန် အတွက် မြေစာရင်းပုံစံ (၁၀၅)/(၁၀၆) ရရှိရေး ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော ငွေကျပ် ၆၅ဝဝဝဝိ/-ကို လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားကြခြင်း ဖြစ်သည်ဟု သတင်းနှင့်ပြန်ကြားရေးတွင် ထုတ်ပြန်ဖော်ပြထားသည်။

ထို့ကြောင့် သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်း (ယခု လက်ထောက်ညွှန်ကြားရေးမှူး လင်းခေး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှ၊ သဲကုန်းမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်ဇော်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ သဲကုန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။

ဇန်နဝါရီလ ၁၇ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့လျှပ်စစ်မှူးအား ကျေးရွာမီးလင်းရေးကိစ္စတွင် အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံခဲ့သည့်အတွက်  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly