အဆိုတော်ဖြိုးဇင်ရဲ့ ပထမဆုံးတေးစီးရီး မိတ်ဆက်

အဆိုတော်ဖြိုးဇင်ရဲ့ ပထမဆုံးတေးစီးရီး မိတ်ဆက်

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ။            ။ အဆိုတော်ဖြိုးဇင်ရဲ့ “ခံစားချက်ဆိုတာ” အမည်ရှိတဲ့ တေးစီးရီးကို စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ တေးစီးရီးမှာ တေးသံရှင် ပိုပိုဟေသာ ကလည်းပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။

အဆိုပါ “ခံစားချက်ဆိုတာ” တေးစီးရီးအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇန်နဝါရီလ ၂၃ရက်က ရန်ကုန်မြို့ ရှိ House Of Orchid တွင်ပြုလုပ်ခဲ့ပြီး  တေးစီးရီးထဲက သီချင်းအချို့ကို ဖြိုးဇင်က ကိုယ်တိုင်ရေးထားတယ်လို့ သိရပါတယ်။

“ဒီသီချင်းလေးကို ကျွန်တော် သမီးနဲ့အတူတွဲဆိုမယ်ဆိုပြီးတော့ ကိုဟိန်း(တေးရေးဇဝါ)ကို အရင်ဆုံး ပြတာပေါ့နော်။ပြတော့ ကိုဇဝါလည်း အရမ်းကြိုက်ဆိုပြီးပြောတော့ ကျွန်တော် အရမ်းဝမ်းသာ သွားတယ်။ ပြီးတော့ သမီးလည်း ပြကတည်းက သဘောကျတယ်။ ဆိုမယ်ဆိုတော့ ကျွန်တော် တော်တော် ဝမ်းသာသွား တယ်။ဒီသီချင်းလေးကို အခုလို ဆိုပေး၊ လက်ခံပေးတဲ့ သမီးရော၊ ကိုဇဝါကိုရော ကျေးဇူးတင်ပါတယ်” လို့ အဆိုတော် ဖြိုးဇင်က ပြောပါတယ်။

 “ခံစားချက်ဆိုတာ” တေးစီးရီးတွင် Pop သီချင်းအမျိုးအစား သီချင်း၁ဝပုဒ်ပါဝင်မှာဖြစ်ပြီး “ခိုနားပါရစေ” ဆိုတဲ့သီချင်းကို ပိုပိုဟေသာက ပါဝင်သီဆိုထားတာလည်းဖြစ်ပါတယ်။

 “သီချင်းပုံစံလေး၊ စာသားလေးကတော့ တကယ့်ကို ပေါ့ပေါ့ပါးပါးလေးပါပဲ။အဓိကကတော့ အချစ် သီချင်း ဖြစ်တဲ့အတွက်ကြောင့်မို့ ချစ်ခြင်းနဲ့ပတ်သက်ပြီးတော့ ခံစားချက်ရှိတဲ့သူတွေအားလုံးဟာ ဒီသီချင်းလေးကို နားထောင်ပြီးတော့ အကောင်းဆုံးခံစားရလိမ့်မယ်လို့ ဟေသာယုံကြည်ပါတယ်” လို့ ပိုပိုဟေသာက ပြောပါတယ်။

 အဆိုတော်ဖြိုးဇင်ရဲ့ “ခံစားချက်ဆိုတာ” တေးစီးရီးကို ဇန်နဝါရီလ ၂၆ရက်နေ့တွင် M United က မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly